-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;

Saturday 20 September 2014

မျက်ရည်၊ အပြုံး သင်ပုန်းကြီးဖတ်စာ



 (၁)

“ သူ .. ”
အနားနား ကပ်ပြီး ကိုယ့်ကို ခေါ်သံလေးက တကယ့်ကို တိုးတိုးလေး။ သို့ပေမဲ့ ဗုံးတစ်လုံးအား၏ ပြင်းပြမှုထက် မာသည်။

မျက်လုံးတွေလည်း ပြူသွားသည်။ မျက်ခုံးများလည်း ပင့်လိုက်သေးသည်။ နှုတ်ခမ်းထောင့်ချိုးများ ကွေးတက်သွားသည်လည်း မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ သည်လောက်တော့ သိသင့်သည်။ နားလည်သင့်သည်။ မမှားသင့်။ ထိုထိုအရောင်စုံများ လည်း မျက်ဝန်း၌ဖြတ်ပြေးသွားလိုက်သေးသည်။

သူမ ၀ါကျဆုံးတော့ ကိုယ်တစ်ခွန်းပဲပြောလိုက်သည်။

“ အိုကေ ပြင်လိုက်ပါ့မယ် … ”
ဟုတ်သည်လေ။ မှားနေသည်ဆို။ ပြင်ရမှာပဲလေ။ မမှီလိုက်သည့်သုံးနှစ်ကျော်က ပရောဂျက်၏ အနေအထားတွေအတွက် အမှား အယွင်းက မလွဲမသွေရှိချေမည်။ ကောင်းမွန်စွာ စေတနာဖြင့် အမှားကို ပြင်စေတတ်သည်မျိုး ဘ၀မှာ မသင်ခဲ့ရဖူးဘူးထင်ပ။ သူမ ကိုယ်တိုင်ရော အမှားအယွင်း ကင်းစင်ပါလေသလား။
ကိုယ် လေပူကိုသာ မှုတ်လိုက်သည်။

(၂)

“ မဟုတ်ဘူး … ဒီလိုမဟုတ်ဘူး… ”
“ ငါရှင်းပြမယ် နားထောင် ”
ဘေးစားပွဲမို့ အသံတွေက ပြတ်သားသည်။ ရှင်းလင်းသည်။ စကားလုံးတွေမှ စိတ်ခံစားမှု အနိမ့်အမြင့်၊ အတိမ်အနက်တွေထိ ခန့်မှန်းမိသည်။ အရှင်းပြခံရသူ၏ မျက်နှာကိုငဲ့မကြည့်လည်း မအီမလည်ဆိုတာ သေချာသည်။

အရှင်းပြခံနေရသူက ကိုယ်တို့ဌာန၏ ကိုယ်တို့ထက် စီနီယာကျသူ တစ်ယောက်ပင်။ မည်မျှပင် လုပ်ငန်းကျွမ်းကျင်စေကာမူ ဟို ခုနစ်ဆွေး ရှစ်ဆွေးမှ မသိမမှီလိုက်သည်များကို စာရင်းချုပ်ဆုံးဖြတ်သည့်အခါ အချိတ်အဆက် အလွဲအမှား နည်းနည်းတော့ရှိ မှာပင်လေ။ သူမကတော့ ခုနစ်ဆွေး ရှစ်ဆွေးမက သည်နေရာမှာ ရှိနေခဲ့သူကိုး။
တစ်ခွန်းကြားလိုက်သေးသည်။
“ Contract Dept လုပ်သမျှ ငွေစာရင်းက ကောက်သင်းကောက်နေရဆိုပဲ။ ”
နေရာတိုင်း သူ့ အခက်အခဲ၊ ပညာရပ်ကျယ်ဝန်းမှု သူ့အတိုင်းအတာနှင့်သူရှိသည်ကို သူမ မေ့နေလေသလား။
မည်သို့ဆိုစေ တစ်ဦးကိုတစ်ဦးလေးစားသင့်သည် မဟုတ်ပါလား။

(၃)

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ အားလုံး၏ ကွန်ပြူတာဖန်သားပြင်မှာ တူညီသော အီးမေးလ်ကို ဖွင့်ထားကြ သည်။ သူမဆီက alert email ဖြစ်သည်လေ။ သူဌေး၊ မန်နေဂျာအားလုံးကို ကော်ပီတွဲထားသည်။ 

“ Contract Dept က အချိန်မီစာရင်းတွေ မပို့နိုင်လို့ သူတို့ငွေစာရင်း timing တွေ အောက်ရသည်ဆိုပဲ။ ”

ငွေစာရင်းဌာနမှာ လူလေးယောက်ရှိသည်။ ကျန်သုံးယောက်က ပြေပြစ်သဘောကောင်းကြပြီး သူမတစ်ဦးသာ။ သူမတို့ မန်နေဂျာတောင် သူမလောက်မဆိုးသေး။ အချိန်မည်မျှကြာအောင် သည်ဒဏ်တွေခံရအုံးပ။

(၄)

“ ဟင် … ”
“ တကယ်ကြီးလား … ”
“ ထင်မထားဘူးနော် … ”
အာမေဋိတ်စကားလုံးတွေ ကိုယ်စီ ကိုယ်စီ နှုတ်ဖျားမှ ထွက်ကျကုန်သည်။

(၅)



“ အမှတ်တရ ကဒ်လား ”
“ တို့ဌာနရဲ့ လက်ဆောင်နဲ့အတူ တို့တွေလက်မှတ်ဘေးမှာ အမှတ်တရစကား သူမအတွက်ရေးကြတာပေါ့။ ”
“ ဘယ်လိုမျိုးလဲ”
“ ဒီမှာလေ ဒီတစ်ယောက်ဆို လက်မှတ်ဘေးမှာ all the best တဲ့။ ဒီမှာက အသဲပုံလေးတွေ။ ဟော … ဒီမှာက ပန်းပင် ပုံလေးတွေ မြင်လား … ”
“ အွန် …  with love ဆိုတာက ပါသေး ”

တချို့တွေ ပြုံးကာ လက်ဆွဲနှုတ်ဆက်ကြသည်။ ပိုကောင်းပိုမြင့်သော နေရာကို ထွက်ခွာသွားမည့်သူမအတွက် ဂုဏ်ယူဝမ်းသာ ပြုံးတွေ။ တချို့တွေ မျက်ရည်စို့ကြသည်။ အတူလက်တွဲလုပ်ကိုင်သူ လုပ်ဖော်ကိုင်ဖက်အတွက် ခွဲခွာခြင်းဝမ်းနည်းမှုတွေ။

ထိုအပြုံး၊ ထိုမျက်ရည်တွေ စစ်သလား၊ တုသလား ကာယကံရှင်သူတို့သာလျှင် အသိဆုံးဖြစ်မှာပါလေ။

ရင်ငြိမ်းသူ
၂၁.၉.၂၀၁၄(တနင်္ဂနွေ)
၁၂း၀၀ နေ့လယ်ခင်း


4 comments:

  1. ဟုတ်​တယ်​​နော်​ ကိုယ့်​ကိုချီးမွမ်းရင်း ပြုံးပြနှုတ်​ဆက်​​နေသူ​တွေရဲ့စိတ်​ကို သူတို့ကိုယ်​တိုင်​ပဲသိမှာ​ပေါ့ ... :) ​ကျေး​ကျေး မမ

    ReplyDelete
  2. ရောက်ခဲ့တယ် ရင်ကိုငြိမ်းအေးစေသူလေးရေ... အကြာကြီးပျောက်ပြီးပေါ်လာတယ်.. ဘယ်လိုဖြစ်ဖြစ် ဖတ်ခွင့်ရလို့ ကျေးဇူးပါကွယ်... လူသားတိုင်း စိတ်ရင်းမှန်နဲ့ပေါင်းသင်း ဆက်ဆံနိုင်တဲ့လောကကြီးဖြစ်ရင် အတိုင်းထက်အလွန်ပေါ့ကွယ်....

    ReplyDelete
  3. မဖတ်ရတာကြာခဲ့ပြီနော်ညီမလေးရေ-----------
    အတုအစစ်ကတော့ ခုချိန်မှာခွဲဖို့ခက်သွားပြီညီမရေ
    ဟန်ဆောင်မှုတွေများနေလို့

    ReplyDelete
  4. အပြုံးတုတွေ ဟန်ဆောင်ခြင်းတွေကို မုန်းတယ်လို့ တခါတလေ ဟန်ဆောင်သူတွေကိုပြောပလိုက် :)

    ReplyDelete