-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;

Monday 28 December 2015

2015 ဒီဇင်ဘာ




တစ်နှစ် လည်​ခဲ့ပြန်​​ပေါ့။
ဒီဇင်​ဘာဟာ ကိုယ့်​အတွက်​​တော့ နှစ်​ပတ်​လည်​ပဲ။
ကိုယ်ဟာ ဒီဇင်ဘာဖွားတစ်ယောက်ပါလေ။ :P

Sweet December <3

ဆွိဒီဇင်​ဘာလို့တော့မဆိုနိုင်​ဘူး။
ချိုသောအရာတွေအပြင် ခါးသီးမှုများစွာကလည်း ဒီဇင်ဘာတင် ဖြစ်ပျက်သွားကြတာကိုး။

တချို့အပိုင်း​တွေက ဘဝထဲက ဆုတ်​ဖြဲ ဖယ်​ထုတ်​ချင်​​လောက်​​အောင်​ ခါးသီးလွန်းတယ်​။
ဘဝရဲ့ အချိုးအ​ကွေ့ အ​ပြောင်းအလဲများကိုလည်း ဒီဇင်​ဘာမှာ ​ခြေလှမ်းစခဲ့ဖူးတယ်​။
ပြီးတော့ ... တစုံတ​ယောက်​ကိုလည်း ပြင်းပြင်းရှရှ သတိရ​သေးတယ်​​လေ။

မည်သို့ပင်ဆိုစေပေါ့လေ ...

ခရစ်​စမတ်​ညချမ်းရဲ့ မီး​ရောင်​စုံ အလှ​တွေမှာ တ​မေ့တ​မော ​ငေးလို့ ပြုံးလို့ ​ပျော်​တာတော့ ဖုံးကွယ်မရနိုင်ဘူး။
အစစ် ​အမှန်​​တွေနဲ့ လက်​လှမ်းကွာ​နေချိန်​မှာ အတုအ​ယောင်​​တွေရဲ့ တဖိတ်​ဖိတ်​တလက်​လက်​ ဆွဲ​ဆောင်​မှုမှာ ကိုယ်​​ပျော်​တတ်​ခဲ့တယ်​ထင်​တယ်​။ :P :P

အဲ့လိုနဲ့ ဟိုဟိုဒီဒီ ​လျှောက်​သွားရင်း လက်​​ဆော့ထားတဲ့ ပုံ​လေး​တွေကို ဗွီဒီယိုကလစ်​ လုပ်​ပစ်​လိုက်​တယ်​။
Happy Birthday to me!!
Marry Christmas!! 
Happy New Year!!

ရင်ငြိမ်းသူ
၂၈.၁၂.၂၀၁၅(တနင်္လာ)
ည ၉း၄၀





Saturday 8 August 2015

ဥခွံလေးထဲမှ ...


အိမ်​တစ်​အိမ်​မှာ
တံခါးမှ ​လော့ခ်​ချခဲ့ရဲ့လား
ရေပူ​ရေ​အေး ခလုတ်​မှ ပိတ်​ခဲ့ရဲ့လား
ဂတ်​စ်​မီးဖို မိန်းမှ ချထားခဲ့ရဲ့လား
ခဲ့ရဲ့လား
.. ရဲ့လား 
... လား
... လား

ဟုတ်​ကဲ့
ကိုယ့်​​​​အောက်​ ​လှေကြမ်းပြင်​​​ပေါက်​တာ သူ့​အောက်​မှ မဟုတ်​တာ
သူ့​အောက်​ ​လှေကြမ်းပြင်​​ပေါက်​တာ ကိုယ့်​အောက်​မှ မဟုတ်​တာ
ဟုတ်​ကဲ့
အဲသလို လူမျိုး​တွေ အများကြီးရယ်​ပါ
လှေနစ်​ရင်​တူတူနစ်​မှာရယ်​လို့ ဆွဲ​ခေါ်ပြောပြလည်း ပါမလာမှ​တော့ ​ရေနစ်​တဲ့အ​ရေးထဲ ကိုယ်​မပါရန်​သာ။
အ​ပြောင်းအလဲ မလုပ်​ချင်​​ပေမဲ့ အ​ခြေအ​နေ​တွေက ​ပြောင်းလဲဖို့​တောင်းဆို​နေတယ်​။

တခါ​ပြောခဲ့ဖူးသလို​ပဲ ပြန်​​ပြောပါရ​စေ။

ဆွေမျိုးတချို့ထက် ကောင်းတဲ့ သူစိမ်းတွေနဲ့
ဆုံလာရတဲ့အခါ
ဘာသာတူသူတချို့ထက် ဘာသာခြားတချို့ရဲ့
ကိုယ်ချင်းစာ မေတ္တာတရားကို
မြင်လာရတဲ့အခါ
နိုင်ငံတူလူမျိုးတချို့ထက် လူမျိုးမတူပေမဲ့လည်း
ဖေးမကူညီတတ်မှုကို
ကြုံလာရတဲ့အခါ
ဘာပဲဖြစ်ဖြစ်
တစ်လမ်းတည်း
တစ်တွေးတည်း
အရာတွေ လျော့သွားသလို။

တစ်ဦးတစ်​ယောက်​ချင်းရဲ့ တသီးပုဂ္ဂလတာဝန်​ယူမှုကို တစ်ဦး​တစ်​ယောက်​တည်းချည်းကပဲ တာဝန်​ယူသလိုမျိုး ​နေနိုင်​သူ ​နေတတ်​သူက ​အေးပုခက်​ကြီးစီးလို့။

ထားပါ​လေ။ 

လိုရင်းက
အဲ့လို အဲ့လို ​ကြောင့်​ စာ​မေးပွဲဆိုတဲ့ ဝန်​ထုပ်​ ပစ်​ချလိုက်​နိုင်​ချိန်​ ပိတ်​ရက်​သုံးရက်​ဆက်​တိုက်​ တိုက်​ဆိုင်​သွားချိန်​ ဒီ Bintan ခရီးကို အ​လောတကြီး စီစဉ်​ခဲ့တာပါလို့။ အချိန်​အနည်းငယ်​ ​လေးအတွင်းမှာ စလုံးက​နေ လွယ်​လင့်​တကူ စရိတ်​အကျဉ်းဆုံးခရီးတိုက အင်​ဒိုနီးရှား ကမ်း​ခြေဆီသို့သာ။

ဟုတ်​ကဲ့
အမှန်​​တော့​လေ ကိုယ့်​ဆီက သဘာဝအလှ​တွေ ပြည့်​နေတဲ့ အလှတရားနဲ့ယှဉ်​ရင်​​တော့ အနူ​တောမှာ လူ​ချောဆိုသလိုမျိုးရယ်​။
စုစု​ပေါင်း​ကိုယ်​အပါအဝင်​​လေး​ယောက်​။
တကယ်​အ​ကြောင်းသိချင်​ရင်​ တူတူခရီးသွားပါဆို သလိုမျိုး တဦးတ​ယောက်​ချင်းစီရဲ့ မတူညီ တဲ့ ​ကောင်းကွက်​များစွာကို မြင်​ခဲ့ရတယ်​လို့။ 

ဓာတ်ပုံတချို့ ကို မျှဝေလိုက်ပါတယ်ရှင့်။

ကောင်းကင်ပြာရယ် ပင်လယ်ပြာရယ် တောတန်းလေးကို မြင်တဲ့ခဏ လွတ်လပ်မှုများ ...




သဲမှုန်တွေဟာ နုညက်လွန်းတယ် ...




 ဘာမဟုတ်တဲ့ ကျောက်တုံးတွေကတောင် တမျိုးဆန်းလို့နေတယ် ...


Local Taste Milk Tea


 
 Mee goreng



Soup


 မြေပဲမှုန့်များများနဲ့ အသုတ်လက်ရာက မြန်မာပါးစပ်နဲ့ ခံတွင်တွေ့တယ် ဆိုရမယ်။


ကျွန်းသေးသေးလေးပေါ်က Mini Zoo ကိုလည်း ရောက်ခဲ့သေးပ။





ရိုးရာလက်ရာများ ...




 ရိုးရာ အက၀တ်စုံနှင့် လှပျို ဖြူ များ


 Video လည်း ရိုက်လာသေးတယ်။


အမှတ်တရခရီးအဖြစ်ရေးပါတယ်။
တကူးတကဖြစ်ဖြစ် မျက်စိလည်လမ်းမှားလို့ဖြစ်ဖြစ် လာဖတ်ကြတဲ့ စာချစ်သူမောင်နှမများ ကျေးဇူးပါလို့။

ရင်ငြိမ်းသူ
၇.၈.၂၀၁၅
သောကြာ
ညနေ ၃နာရီိ ၈မိနစ်








Saturday 9 May 2015

သူမအတွက်မဟုတ်တဲ့ သူမရဲ့ကောင်းကင်


ငှက်တစ်အုပ်က တိမ်လွှာတွေကို လေဟုန်စီးပြီး ဟိုးအဝေးကောင်းကင်ပြာထဲ ပြေးဝင်ပျံသန်းသွားကြတယ်။ ကျွန်မလည်း နီညိုရောင်စက်ဘီးလေးကို အားကုန်နင်းလျက် လက်တစ်ဘက်မှ ဘေးဝဲယာမှာ အလေ့ ကျ ပေါက်နေတဲ့ တောစံပယ်ပွင့်တွေကို ထိခတ် ကျီစယ်လို့ပေါ့။ တောစံပယ်ပွင့်တွေပေဖြတ်ပြေးတိုက်ခတ် လာတဲ့လေဟာအေးမြသန့်စင်လို့နေတယ်။ ကျွန်မတ၀ကြီး ရှူ သွင်းပစ်လိုက်တယ်။

ကျွန်မရဲ့ စက်ဘီးခြင်းထဲမှာ workshop တ၀ိုက်မှာသာ ပေါက်လေ့ရှိတဲ့ ကညွတ်ပင်များက နေရာအပြည့် ယူထားတယ်။ ကျွန်မ စိတ်ကူးထဲမှာတော့ ထိုကညွတ်ပင်တွေကို လက်သန်းလောက်ပိုင်း၊ အိမ် ကနေ မေမေ မသိအောင် လွယ်အိတ်ထဲ ၀ှက်ယူလာတဲ့ ပုစွန်အချို ခြောက်နဲ့ကြော်၊ canteen မှ တစ်လုံး တစ်ရာဖြင့် ၀ယ်လာတဲ့ ကြက်ဥနှစ်လုံးကိုလည်း ကြွပ်ကြွပ်ရွရွလေးကြော်၊ အရည်သောက်အနေဖြင့် ပွက်ပွက်ဆူနေတဲ့ရေနွေးထဲ သံပုရာသီး အနည်းငယ်ညှစ်၊ ငရုတ်သီးတစ်တောင့်နှစ်တောင့်လောက်ပစ်ထဲ့၊ အသားမှုန့်ခတ်လိုက်ရုံနဲ့ ... ထမင်းမြိန်စေမဲ့ညနေခင်းလေးကို စိတ်ကူးမြင်ယောင်မိတော့တယ်။ ဒါကြောင့် အမြန် နှုန်းကို နှစ်ဆတိုးပြီး အိမ်ကလေးဆီ အသော့နှင်ချေမိတော့တယ်။

လွန်ခဲ့တဲ့နှစ်လက ကျွန်မကိုတွေ့တာနဲ့ အဆက်မပြတ်ဟောင်တတ်တဲ့ ကမ္ဘ္ဘာ္ဘကျော်ပင် ခုတော့ အမြီးလေး နန့်ကာကြိုတတ်နေပြီ။ ခြံဝင်းထောင့်က စပယ်ရုံလေးက အဖူးများပင်ဝေနေပြီ။ ရေတွင်းစပ်က ချဉ်ပေါင်ခင်း ကတော့ အညွန့်တလူလူ  ရွက်နုများဖြာလို့ ။

ဆရာတို့အိမ်ခန်းတွေဟာ ကျောင်းမှပေးထားတဲ့ အခန်းတွေဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်မှ သော့ ခတ်လေ့မရှိဘူး။ အ၀င် တံခါးကိုစေ့ထားခြင်းသည်ပင် လူမရှိခြင်းဧ။် သင်္ကေတမို့ ကျွန်မ တံခါးကိုအသာ တွန်းဖွင့်ဝင်လာခဲ့လိုက်တယ်။ အရင်ကကြမ်း ပြင်ပေပြန့် ကြဲနေတတ်တဲ့ စာအုပ်များ၊ ကက်ဆက် တိတ်ခွေ များဟာ သူ့နေရာနဲ့သူစင်ပေမှာ အစီအရီ နေရာယူလို့။ ကျွန်မ အိမ်လေးဆီရောက်နေမှန်း မွန်မွန်သိ ရင်တော့ … ဆရာ ယောကျာ်းလေးတစ်ယောက်နေတဲ့ အခန်းဆီ တပည့်မိန်းကလေးတစ်ယောက် သွားတာ က နေအစချီပြီး ... လူ့ဘောင်စည်းမျဉ်းတွေ၊ ကျွန်မလျစ်လျူ ရှု ထားချင်တဲ့ ကျင့်ဝတ်တွေ၊ ကျွန်မမေ့ထားချင်တဲ့ ပတ်ဝန်းကျင်ရဲ့အသံတွေ။ ကျွန်မလည်းရိုးသားတယ်။ ဆရာလည်း ရိုးသားတယ်။ ဒါဆိုလုံလောက်ပြီလေ။ ဘာတွေကိုလိုက်နာ ဖို့ လိုနေသေးလို့လဲ။

“ နင်တကယ်ရိုးသားတာသေချာလား မိသော်” လို့ ကျွန်မမျက်ဝန်းများကို စိုက်ကြည့်ပြီး မွန်မွန် မေးလာတဲ့ တခဏတုန်းကတော့ တဒိန်းဒိန်းတုန်ခါသွားတဲ့ ကျွန်မရဲ့ နှလုံးခုန်သံကို လိမ်ညာလို့မရနိုင်ခဲ့ဘူး။ ကိုယ့်နားနဲ့ ကိုယ့်ရင်ခုန်သံကို ဆတ်ဆတ်ကြားခဲ့ရတာ ကိုး။

အဲဒီတစ်ညနေ…။ အဲဒီတစ်ညနေကသာ ကျွန်မတို့ ဒီအိမ်လေးဆီ မလာဖြစ်ခဲ့ဘူးဆိုရင် ... ။ အဲဒီတစ်ညနေက ဆရာသာ နောက်ဆုံးစာသင်ချိန်ဖျက်ပြီး အိမ်လေးဆီ ပြန်မလာခဲ့ဘူး ဆိုရင် …။ ကျွန်မတို့လည်း ဆရာ့ခြံဝင်းထဲက မာလကာသီးခူးနေချိန်၊ ဆရာလည်း ခေါင်းကိုက်လို့ အတန်းချိန်ဖျက် ပြန်လာချိန် ...။ ကျွန်မတို့လည်း  စာသင်ခန်းပြန်၊ ဆရာလည်း သူ့အခန်းသူဝင်နား … ။ ဒီအကြောင်းအ ရာတွေက ဒီမှာသာ ပြီးဆုံးသွားခဲ့ရင်… ။ တခါ တရံမှာ ဆူးသေးသေးလေးတစ်ချောင်းက ပြန်နှုတ်ဖို့ ခက်နေ တတ်ပြီး အချိန်ကြာလာတာနဲ့ အမျှ အဆိပ်က ဖြေဆေးမရှိအောင် တက်တတ်ပါလား ... ။

ကျွန်မတို့သူငယ်ချင်းသုံးယောက်ဟာ ဆရာလည်းမဖိတ်ခေပါပဲနဲ့ ဆရာ့ရဲ့အိမ်ခန်းလေးဆီ စပ်စုချင် စိတ် တစ်ခုတည်းနဲ့ ရောက်သွားခဲ့ကြတယ်။ ပွစာကျဲရှုပ်ပွနေတဲ့အခန်းကို တောင်းဆိုသူ မရှိပါပဲ ရှင်းပေးကြ တယ်။ ဘယ်နှစ်ပတ်မှန်းမသိ မလျှော် ရသေးတဲ့ ဆရာ့ အ၀တ်တွေ ကို လျှော်ပေးခဲ့ကြတယ်။ ညစ်ပတ်ပေ ကျံနေတဲ့ မီးဖိုခန်းလေးကို အတတ်နိုင်ဆုံးသန့်ရှင်း ပေးခဲ့ကြတယ်။

အဲဒီတစ်ညနေ … ။ အဲဒီတစ်ညနေကသာ ကျွန်မကို ဆရာအဲလိုမျိုး မကြည့်ခဲ့ဘူးဆိုရင်…။ နောက်ပြီး ကျွန်မ ကို အဲလိုမျိုးမပြောခဲ့ ဘူး ဆိုရင် ... အဲ့အကြည့် ကျွန်မဘယ်လိုမေ့နိုင် မှာလဲ…။ အဲ့စကား ကျွန်မဘယ် လို ဖျောက်နိုင်မှာလဲ…။ အဲဒီနေ့က ကျွန်မ အညိုရောင် ပိတ်စအပျော့သားကို လက်ဖောင်းပုံစံချုပ်ပြီး လက်အနားမှာ သားရေကြိုးနဲ့ချည်ထားတဲ့ အင်္ကျီလေးကို ၀တ်ထားခဲ့တယ်။ ဆရာဟာ လက်ဖောင်း နားလေးကိုစိုက်ကြည့်ပြီး “ မင်းနဲ့ဒီ အင်္ကျီအရမ်းလိုက်တယ် ” လို့တိုးတိုးလေးပြောသွားခဲ့တယ်။ တကယ့် ကို စကန့်လောက်ပဲ။  အဲဒီစကန့်လောက်ဟာ ကျွန်မရဲ့ သွေးတွေကိုပြောင်းပြန်စီးသွားစေခဲ့တယ်။ ကျွန်မရဲ့ အိပ်မက်တွေဟာ တစုံတယောက်ပေမှာ နားခိုတတ်လာတယ်။ ကျွန်မဟာတစ်ယောက် ယောက်အတွက် အသက်ရှူ တတ်လာတယ်။

အဲ့နောက်မှာတော့ ကျွန်မဟာ ဆရာ့အကြောင်းတွေကို စိတ်ဝင်စားလာမိတယ်။ ဆရာက ကျွန်မတို့မြို့လေး က မဟုတ်ဘူးဆိုတော့ ဇာတိက ဘယ်ကလဲ။ ဆရာ့မိဘတွေကရော။ မွေးချင်းမောင်နှမတွေရော။ ဆရာက ဘာအစားအစာကို နှစ်သက်ပြီး ဘယ်လိုလူမျိုးနဲ့ အပေါင်းအသင်းလုပ်ချင်တာလဲ။ ဘယ်လိုစာအုပ်မျိုးကို ကြိုက်ပြီး အနာဂတ် အိပ်မက်က ရော … ။ အဲလိုမျိုး ကျွန်မဟာ ဆရာနဲ့ ပတ်သက်ပြီး အရာရာကို သိချင်ခဲ့ပေ မဲ့ … ဘယ်လို အရည်အချင်းမျိုးနဲ့ စုံစမ်းနိုင်မှာလဲ။ ဆရာဟာ စည်ကားတဲ့မြို့တစ်မြို့က  ပြောင်းလာ တယ်ဆို တာရယ်… ဆရာ့မှာ ညီတစ်ယောက်ရှိတယ်ဆိုတာရယ်လောက်သာ နားစွန်နား ဖျားကြားပြီး ကျေနပ်ခဲ့ရ တယ်။ ဒါပေမဲ့ စာသင်ချိန်ကလွဲပြီး အမြဲလိုလို အရောင်မှိန်နေတဲ့ ဆရာ့မျက်ဝန်းတွေကိုတော့ သတိထားမိ ခဲ့တယ်။ ဆရာဟာ လက်ပေါက် ကပ်တယ်ဆိုတဲ့ အသံတွေလည်းကြားလာရတယ်။ ဆရာကတော့ ပုံမှန် ပါပဲ။ ဘယ်သူချီးမွမ်းဖို့မှ မဟုတ်ဘဲ၊ ဘယ်သူသဘောကျဖို့ မှမဟုတ်ဘဲ သူစိတ်ရဲ့စေညွှန်ရာအတိုင်း သူ့ဘ၀ ကို ဆေးခြယ်နေခဲ့တယ်။ ကျောင်းအနီးနား ရွာတွေက ကလေးတွေဆီ အားရက်မှာ စာသွားပြပေးတာမျိုး၊ မုန့်ဝယ်သွားပေးတာမျိုး၊ သူ့လစာလေးနဲ့ နိုင်သလောက်ကူညီတာမျိုး။ သူ့အယူအဆ၊ သူ့ ဒဿ    နအတိုင်း ဘ၀ ကို စီးမျောနေခဲ့တယ်။

ကျောင်းနားကစေတီလေးကို လာဖူးကြတဲ့ ဘုရားဖူးတွေကို သတိထားကြည့်မိဘူးလား တပည့်တို့။ အားလုံးရဲ့ရည်မှန်းချက်ဟာ တစ်ခုတည်းပဲ။ နောက်ဆုံးပန်းတိုင်ဟာ တူတူပဲ။ ဒီစေတီကို ဖူးရဖို့ပဲ။ ဒါပေမဲ့ သုတ်သီးသုတ်ပျာ အလောတကြီး ၀ဲယာမကြည့် ခလုတ်တိုက်မိလိုတိုက်မိ၊ လှေခါးထစ်တွေကို ကျော်လွှား ပြီး ပြေးတက်သွားလိုပြေးတက်၊ အဲ့လိုလူမျိုး တွေကိုမြင်ဘူးမှာပဲ။ အရင်ဆုံးတော့ ရင်ပြင်ပေရောက်ပါရဲ့၊ ဦးဆုံးတော့ ဖူးရပါရဲ့  မောပန်း နေတဲ့စိတ်က ဘယ်လောက်ထိ ကြည်ညိုမှုကိုပေးနိုင်မှာလဲ ... ။ လူ့ဘ၀မှာ လည်း တွဲခေရမဲ့သူကို လျစ်လျူ ရှု၊ စာနာရမဲ့သူကို မသိချင်ယောင်ဆောင်၊ ကိုယ့်ပန်းတိုင်ကိုပဲမြင်၊ ဘယ်သူ့ ကို နင်းချေသွားလဲ မစဉ်းစား၊ တကယ်ကော ပျော်ရွှင်နိုင်မှာတဲ့လား ... ။ တပည့်တို့ အမှတ်တမဲ့ မနေပါ နဲ့ ။ သေချာတွေးပြီး ရှင်သန်ပါ ...။ ”

တခါတလေ စိတ်လိုလက်ရရှိလို့ စာသင်ချိန်တွေမှာ ဆရာပြောပြတတ်တဲ့ ဒသနဟာ ကျွန်မ နားမလည်ပေ မဲ့လည်း ဆရာ့ကို အထင်ကြီးပြီးရင်း အထင်ကြီးလာခဲ့တာတော့ ငြင်းမရချေ။ နောက်ပိုင်းတော့ ကျွန်မလည်း အိမ်လေးဆီ နှစ်ပတ် တစ်ခါလောက်သာ ရောက်ဖြစ်တယ်။ ဆရာတို့အိမ်ခန်းတွေက စာသင်ခန်းနဲ့ နဲနဲ လှမ်းသည်မို့ canteen ကနေ စက်ဘီးငှားရမှ အဆင်ပြေတယ်။ ဆရာက တခြားအခန်းမှာ စာသင်ချိန်ရှိချိန်၊ ကျွန်မကလဲ ကိုယ့်အတန်းချိန်ဖျက်ပြီးလာတာမို့ ဆရာနဲ့လည်း မဆုံဖြစ်ပေ။ နောက်နေ့ ဆရာနဲ့ ဆုံရင်တော့
“ ညည်းလာသွားသေးလား။ ” ဆိုပြီး အသိအမှတ်ပြုတဲ့ အပြုံးကို ဆရာ့ဆီမှာတွေ့ရတယ်။ အဲလောက်ပါပဲ။ အဲ့ထက်ဆရာဘက်က မပိုခဲ့သလို ကျွန်မဘက်ကလည်း မျက်ဝန်းတွေက ၀န်ခံနေတာကလွဲရင်၊ အမူ အရာတွေက သိသာလွန်းနေတာကလွဲရင်   … အဲ့ထက်မပိုခဲ့ပါဘူး။

ဆရာကမချောပါဘူး။ မက်လောက်တဲ့ ငွေကြေးပိုင်ဆိုင်မှုမျိုးလဲ မရှိပါဘူး။ အကွက်ကျဲကျဲ ပုဆိုးကို အရောင်ဖျော့ဖျော့ရှပ် အင်္ကျီနဲ့သာ ၀တ်တတ်တဲ့ ဆရာ့ပုံစံဟာ အများကြားမှာ ထင်းမနေပါဘူး။ တခါတလေ “ ညည်းစားဖို့ ”ဆိုပြီး ဘာလီချိုချဉ်လိုမျိုးပေးတဲ့အခါ ကျွန်မဟာ လှမ်းယူဖို့ မေ့လောက်တဲ့ထိ အံ့သြ၀မ်း သာနေခဲ့တယ်။ အဲလောက်ပါပဲ။ ဆရာ့ရင်ထဲမှာ ကျွန်မက မှတ်မှတ်ရရရှိတယ်ဆိုတာနဲ့တင် ပျော်ရွှင်နေ တတ်ခဲ့တာပါ။ အဲထက်မပိုခဲ့ပါဘူး။

“ ညည်းစာမေးပွဲ နီးပြီနော်။ ”

“ ထမီကို အဲလောက်ရှည်အောင်မ၀တ်နဲ့လေ။ မြေပြင်နဲ့တိုက်ပြီး အောက်နားတွေ ညစ်ပတ်ကုန်မှာပေါ့ ။ ”

အဲလိုမျိုး အမှတ်တမဲ့ဂရုစိုက်ရုံလေးနဲ့တင် ကျွန်မရင်ခုန်သံတွေဟာ စည်းချက်မမှန်တော့ဘဲ အယောင်ယောင် အမှားမှား အလွဲလွဲ အချော်ချော် “ ငါတော့ ပြုစားခံရပြီ ထင်တယ် သူငယ် ချင်းတို့ရေ ” လို့ ရင်ဖွင့်ရတဲ့ထိပင်။

“ နင် စိတ်ကစားတာနေမှာပါဟာ ” သူငယ်ချင်းတွေရဲ့ စွတ်စွဲမှုကိုတော့ ကျွန်မငြင်းချင်တယ်။ ကျွန်မက လွယ်လွယ် စိတ်လှုပ်ရှားတတ်သူတစ်ယောက်တော့မဟုတ်။ “ ပြီးတော့ နင်နဲ့ဆရာ အသက်အရွယ်ရဲ့ ကွာဟမှု၊ အသိုင်းအ၀ိုင်းရဲ့ မတူညီမှု၊ မလိုက်ဖက်မှု ကွာခြား မှု… မှု… မှု အများကြီးပဲ နင့်ခံစားမှု တစ်ခု တည်းတွေးလို့မဖြစ်ဘူးလေ ” ဟင့်အင်း … ကျွန်မဟာ ဘယ်တော့မှ ညီမျှခြင်းတွေချပြီး အပေါ်ယံ အလွှာတွေကို ချိန်ခွင်လျှာညှိလိမ့် မှာမဟုတ်ဘူး။ ကျွန်မက အချစ်ရဲ့သီးသန့်ဖြစ်တည်မှုကိုပဲ မက်မောတာပါ။

ဒါပေမဲ့လည်း ကျွန်မကို စိတ်ကူးယဉ်ခွင့်လေးတောင်မပေးတော့သော ... ကျွန်မကို တုန်လှုပ်ချောက် ချားစေသော၊ ဘယ်တုန်းကမှ တွေးမထင်ထားတဲ့ အမှန်တရား တစ်ခုရှိနေလိမ့်မယ်ဆိုတာ ... ။ မယုံကြည်နိုင်ခြင်းများစွာနဲ့ အားလုံးကလှောင်ရယ်နေသလိုပဲ။ အဖြေမရှိတဲ့ပုစ္ဆာကိုမှ ကျွန်မက အဖြေညှိ ချင်ခဲ့တာလား။ ကံကြမ္မာက ကျွန်မကိုတဆိတ် တော့ ကျီစယ်လွန်းနေပြီ။

အတန်းထဲက တစ်ယောက်ယောက် ယူဆောင်လာတဲ့သတင်းဟာ ကျွန်မနားစည်ကို ရိုက်ခွဲလိုက်သလိုပဲ။

အဲဒီညနေဟာ အရင်လိုပါပဲ။ ဘာမှမထူးခြားပါဘူး။ တချို့စာသင်ခန်းမှာ စာသင်လို့။ တချို့က canteen မှာစု ရုံးဝိုင်းဖွဲ့လို့။ ကမ္ဘာပျက်နေတဲ့ကျွန်မကို ဘယ်သူသတိထားမိမှာလဲ။ ဒါပေမဲ့ ကျွန်မရဲ့စိတ်ခံစားမှုကြောင့်ပဲလား။ အဲဒီညနေက တောစံပယ်ပွင့်တွေ ကတော့ အနံ့ပြယ်နေခဲ့ပါတယ်။

ကျွန်မရဲ့ခြေလှမ်းတွေက အိမ်လေးဆီသို့ ။ တောစံပယ်ရုံတွေက တဖြည်းဖြည်းဝေးသွားလို့ ။ “ တူတူသွား မယ် ” ဆိုတဲ့မွန်မွန့် အသံ ကို ကြားလိုက်သလား မကြားလိုက်သလား။ မသေချာ။

“ ဆရာ့သမီးတွေလား။ ” တည်ကြည်တဲ့အသံတစ်ခုရဲ့ပုံရိပ်ကို မြင်လိုက်ရချိန်မှာ အရာရာရှင်းသွားခဲ့ပါပြီ။ သူမတို့နှစ်ဦးအမှတ်တရ အကျလေးကိုဝတ်ပြီး ဒီနေ့မှ နိုင်ငံခြားက ပြန် လာကြောင်း၊ ကွဲကွာနေတဲ့လေးနှစ် အတွင်း  ဘာမှမပြောင်းလဲသေးကြောင်း။ ခုအပြီး ပြန် လာတာဖြစ်ကြောင်း။ ကျွန်မအတွက်တော့ သူမတို့ အတိတ်၊ သူမတို့ အိပ်မက်ထက် ပစောက်နှစ်ဆင့်လည်ပင်းပုံ လက်ဖောင်း အနားရှုံ့ကြိုးစည်းအကျလေးက ပိုပြီးမှင်သက် စေခဲ့တယ်။ ကျွန်မဆီကနဲ့ အဆင်ကလွဲရင် အရောင်ရော ပုံစံရော။

အဲနေ့ကဆရာ ဘာလို့ တွေတွေလေးငေးကြည့်ခဲ့တာလဲ။ ဘာလို့အဲလိုပြောခဲ့ရတာလဲ။ ဘာလို့နစ်ဝင် သွားလောက်အောင် ဆရာ့ မျက်ဝန်းတွေက အသက်ပါနေခဲ့တာလဲ။ ဘာ ကြောင့် ဘာကြောင့်များစွာရဲ့ နိဂုံးမှာတော့ ... ။

ခုချိန်မှာ ကမ္ဘာပေါ်မှာ ကျွန်မဖြစ်တည်လာရတဲ့လမ်းကြောင်းဟာ ပြောင်းလဲသွားခဲ့တယ်။ အခမဲ့ပညာဒါန သင်တန်းကျောင်းတစ်ခုမှာ အချိန်ပိုင်းဆရာမလုပ်နေပြီး လူတကာ အမြင်ကတ်လောက်အောင် Roll No-1 နေရာကို နှစ်တိုင်းသိမ်းပိုက်ထားခဲ့တယ်။ ကျွန်မက ပထမမှမဟုတ်ရင် မတင်းတိမ်တော့တာလား။  “... နောက် ”  ဆိုတဲ့ အရာတွေကို မခံစား နိုင်တာ့တာလား။ မသိစိတ်က နာကျင်လိုက်၊ သိစိတ်က ထိန်းချုပ်လိုက်။ ကျွန်မ မျှော်လင့်ခဲ့ဖူးတဲ့ကောင်းကင် တစ်ခုကတော့ ကျွန်မအတွက်မဟုတ်ဘဲ ဟိုးအဝေးမှာ ကြည်လင်ပြာလဲ့လို့။

ရင်ငြိမ်းသူ(မော်လမြိုင်)

ပုံလေးကိုတော့ Google မှရှာယူထားပါတယ်။


Saturday 20 September 2014

မျက်ရည်၊ အပြုံး သင်ပုန်းကြီးဖတ်စာ



 (၁)

“ သူ .. ”
အနားနား ကပ်ပြီး ကိုယ့်ကို ခေါ်သံလေးက တကယ့်ကို တိုးတိုးလေး။ သို့ပေမဲ့ ဗုံးတစ်လုံးအား၏ ပြင်းပြမှုထက် မာသည်။

မျက်လုံးတွေလည်း ပြူသွားသည်။ မျက်ခုံးများလည်း ပင့်လိုက်သေးသည်။ နှုတ်ခမ်းထောင့်ချိုးများ ကွေးတက်သွားသည်လည်း မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ သည်လောက်တော့ သိသင့်သည်။ နားလည်သင့်သည်။ မမှားသင့်။ ထိုထိုအရောင်စုံများ လည်း မျက်ဝန်း၌ဖြတ်ပြေးသွားလိုက်သေးသည်။

သူမ ၀ါကျဆုံးတော့ ကိုယ်တစ်ခွန်းပဲပြောလိုက်သည်။

“ အိုကေ ပြင်လိုက်ပါ့မယ် … ”
ဟုတ်သည်လေ။ မှားနေသည်ဆို။ ပြင်ရမှာပဲလေ။ မမှီလိုက်သည့်သုံးနှစ်ကျော်က ပရောဂျက်၏ အနေအထားတွေအတွက် အမှား အယွင်းက မလွဲမသွေရှိချေမည်။ ကောင်းမွန်စွာ စေတနာဖြင့် အမှားကို ပြင်စေတတ်သည်မျိုး ဘ၀မှာ မသင်ခဲ့ရဖူးဘူးထင်ပ။ သူမ ကိုယ်တိုင်ရော အမှားအယွင်း ကင်းစင်ပါလေသလား။
ကိုယ် လေပူကိုသာ မှုတ်လိုက်သည်။

(၂)

“ မဟုတ်ဘူး … ဒီလိုမဟုတ်ဘူး… ”
“ ငါရှင်းပြမယ် နားထောင် ”
ဘေးစားပွဲမို့ အသံတွေက ပြတ်သားသည်။ ရှင်းလင်းသည်။ စကားလုံးတွေမှ စိတ်ခံစားမှု အနိမ့်အမြင့်၊ အတိမ်အနက်တွေထိ ခန့်မှန်းမိသည်။ အရှင်းပြခံရသူ၏ မျက်နှာကိုငဲ့မကြည့်လည်း မအီမလည်ဆိုတာ သေချာသည်။

အရှင်းပြခံနေရသူက ကိုယ်တို့ဌာန၏ ကိုယ်တို့ထက် စီနီယာကျသူ တစ်ယောက်ပင်။ မည်မျှပင် လုပ်ငန်းကျွမ်းကျင်စေကာမူ ဟို ခုနစ်ဆွေး ရှစ်ဆွေးမှ မသိမမှီလိုက်သည်များကို စာရင်းချုပ်ဆုံးဖြတ်သည့်အခါ အချိတ်အဆက် အလွဲအမှား နည်းနည်းတော့ရှိ မှာပင်လေ။ သူမကတော့ ခုနစ်ဆွေး ရှစ်ဆွေးမက သည်နေရာမှာ ရှိနေခဲ့သူကိုး။
တစ်ခွန်းကြားလိုက်သေးသည်။
“ Contract Dept လုပ်သမျှ ငွေစာရင်းက ကောက်သင်းကောက်နေရဆိုပဲ။ ”
နေရာတိုင်း သူ့ အခက်အခဲ၊ ပညာရပ်ကျယ်ဝန်းမှု သူ့အတိုင်းအတာနှင့်သူရှိသည်ကို သူမ မေ့နေလေသလား။
မည်သို့ဆိုစေ တစ်ဦးကိုတစ်ဦးလေးစားသင့်သည် မဟုတ်ပါလား။

(၃)

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ အားလုံး၏ ကွန်ပြူတာဖန်သားပြင်မှာ တူညီသော အီးမေးလ်ကို ဖွင့်ထားကြ သည်။ သူမဆီက alert email ဖြစ်သည်လေ။ သူဌေး၊ မန်နေဂျာအားလုံးကို ကော်ပီတွဲထားသည်။ 

“ Contract Dept က အချိန်မီစာရင်းတွေ မပို့နိုင်လို့ သူတို့ငွေစာရင်း timing တွေ အောက်ရသည်ဆိုပဲ။ ”

ငွေစာရင်းဌာနမှာ လူလေးယောက်ရှိသည်။ ကျန်သုံးယောက်က ပြေပြစ်သဘောကောင်းကြပြီး သူမတစ်ဦးသာ။ သူမတို့ မန်နေဂျာတောင် သူမလောက်မဆိုးသေး။ အချိန်မည်မျှကြာအောင် သည်ဒဏ်တွေခံရအုံးပ။

(၄)

“ ဟင် … ”
“ တကယ်ကြီးလား … ”
“ ထင်မထားဘူးနော် … ”
အာမေဋိတ်စကားလုံးတွေ ကိုယ်စီ ကိုယ်စီ နှုတ်ဖျားမှ ထွက်ကျကုန်သည်။

(၅)



“ အမှတ်တရ ကဒ်လား ”
“ တို့ဌာနရဲ့ လက်ဆောင်နဲ့အတူ တို့တွေလက်မှတ်ဘေးမှာ အမှတ်တရစကား သူမအတွက်ရေးကြတာပေါ့။ ”
“ ဘယ်လိုမျိုးလဲ”
“ ဒီမှာလေ ဒီတစ်ယောက်ဆို လက်မှတ်ဘေးမှာ all the best တဲ့။ ဒီမှာက အသဲပုံလေးတွေ။ ဟော … ဒီမှာက ပန်းပင် ပုံလေးတွေ မြင်လား … ”
“ အွန် …  with love ဆိုတာက ပါသေး ”

တချို့တွေ ပြုံးကာ လက်ဆွဲနှုတ်ဆက်ကြသည်။ ပိုကောင်းပိုမြင့်သော နေရာကို ထွက်ခွာသွားမည့်သူမအတွက် ဂုဏ်ယူဝမ်းသာ ပြုံးတွေ။ တချို့တွေ မျက်ရည်စို့ကြသည်။ အတူလက်တွဲလုပ်ကိုင်သူ လုပ်ဖော်ကိုင်ဖက်အတွက် ခွဲခွာခြင်းဝမ်းနည်းမှုတွေ။

ထိုအပြုံး၊ ထိုမျက်ရည်တွေ စစ်သလား၊ တုသလား ကာယကံရှင်သူတို့သာလျှင် အသိဆုံးဖြစ်မှာပါလေ။

ရင်ငြိမ်းသူ
၂၁.၉.၂၀၁၄(တနင်္ဂနွေ)
၁၂း၀၀ နေ့လယ်ခင်း


Tuesday 9 September 2014

ပုံပြင်ပြောသူ



အဲ့နာရီ အနီလေးပေါ့။ တနလာင်္ ကနေ သောကြာ မနက်တိုင်း ခြောက်နာရီခွဲဆို အသံမြည်ပြီ။ သူမြည်တိုင်း ထစရာလား။ မြည်ပေါ့။ ပြန်ပိတ်ပြီး ပြန်အိပ်တော့ရော ... ဘာဖြစ်သေးလဲ။ ညအိပ်ခါနီးတိုင်းတော့ စောစော အိပ်ပြီး စောစောထမယ်လို့ မုဒ်သွင်းပါတယ်။ အိပ်ချိန်က ၁၂ခွဲထက် ဘယ်တော့မှ မစော။ မနက်ခင်း အသံ မြည်တိုင်းမှာတော့ .....
ခြောက်နာရီခွဲကနေ ခြောက်နာရီလေးဆယ့်ငါးကို ပထမရွှေ့တယ်။ ဒုတိယ ခုနစ်နာရီကို ထပ်ရွှေ့တယ်။ တကယ်တမ်းက ခုနစ်နာရီဆယ်မိနစ်မှထတာ။ ဆက်အိပ်လို့လည်း မဖြစ်တော့ဘူးလေ။


အိမ်ရှေ့ကနေ ဘတ်စ်ကားမှတ်တိုင်ဆီအသွား လမ်းလေးပေါ့။ " ပုဏ္ဍရိတ်လမ်းလေး " လို့နာမည်ပေးထား တယ်။ ငေးရင်း တွေးရင်း တစ်လှမ်းချင်းလှမ်းတော့ အိမ်ရှေ့လမ်းတစ်လမ်းသာခြားတဲ့ ဟိုဘက်က မှတ်တိုင် မှာရပ်တဲ့ ဘတ်စ်ကားအမြဲလွတ်တယ်။

အလုပ်ရောက်ရင် ပထမဆုံးတွေးတာက ၁၂း၁၅ ရောက်ဖို့ဘယ်လောက်လိုသေးလဲလို့။ ၁၂း၁၅ ဆို ထမင်း စားချိန်ရောက်ပြီလေ။

အလုပ်တွေများပြီး စိတ်တွေသိပ်ရှုပ်လာရင်တော့ အောက်ကပုံလေးထဲက အိမ်သာထဲသွားထိုင်နေလိုက်တာ ပဲ။ စီစီတီဗွီအလွတ်ဆုံးက အဲ့တစ်နေရာပဲရှိတာကိုးလို့။ ဖုန်းလေးကတော့ မသိမသာ အိတ်ကပ်ထဲပါပြီး သား။ ဒါမှ ဖဘလေးဘာလေး ပွတ်နိုင်မှာပေါ့လို့။


ဒီမြင်ကွင်းလေးက မြင်သာမြင်ပြီး မကြင်ရဆိုသလို တံခါးလည်းသော့မခတ်ထားပါပဲ အဝေးကြည့်လေး နဲ့ ကျေနပ်နေရတဲ့ ထမင်းစားခန်းအပြင်ဘက်က မြင်ကွင်းလေးပေါ့။

အလုပ်တွေက အဲလိုပဲ လျော့သွားတယ်မရှိဘူး။ ဘယ်တော့မှလည်း ပြီးအောင်မလုပ်ဘူး။ အလုပ်ချိန်ကုန် ရင် ထားပြီးပြန်တာပဲ။ နောက်နေ့တွေရှိသေးတာပဲလို့။ မသေမချင်းလုပ်ရမယ့်ဟာ။ အလျင်မလိုပါဘူး။

အမှန်တော့ ၀တ္ထုရှည် စ-ဆုံး ရေးပြီးတင်မလို့ပါ။ နိဒါန်း၊ နိဂုံးပြီးပြီး အလယ်ပျောက်နေတော့ အချိန်တွေ ရှိ သေးတာပဲလေနော်။ နော်လို့။

၁၀:၅၀ (အင်္ဂါ)
၉.၉.၂၀၁၄