-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;

Saturday 31 May 2014

စက်ဝိုင်းအတွင်း ရှင်သန်ကြသူများ


ကတ္တရာလမ်းမနှင့် စာသင်ကျောင်းကြား ကျယ်ပြန့်သော မြက်ခင်းပြင်ကျယ်၌ လမ်းဘက်မှ ကျောင်းဘက်ဆီ၊ တဖန် ကျောင်းဘက်မှ လမ်းမဆီ လူးလားတုံ့ခေါက် တရိပ်ရိပ် ကျွန်မ တစ်ယောက်တည်း အပြေးပြိုင်နေ သည်။ ကွင်းပြင်ကျယ်ကို ဖြတ်ပြေးလာသော လေအေးအေးကို အဆုတ်ထဲ အားရပါးရ ရှူသွင်းလျက် မြင်နိုင်စွမ်းသာရှိလျှင် ပြေးလမ်းတလျှောက် ကျွန်မ လွှတ်ချခဲ့သော တစုံတရာကို တွေ့ရလိမ့်မည်။ ထိုတစုံ တရာသည် ဖွင့်ဟခွင့်မရသမျှ သူမ၏ အစိုင်အခဲ ဖြစ်သည်။ ဖြေလျော့ခွင့်မရသမျှ သူမ၏ အကျိတ်အခဲဖြစ် သည်။

ပုံမှန်အားဖြင့် ကျွန်မတို့သည် တာဝန်များ ခဏကင်းလွတ်သည့် စနေအားလပ်ရက် မတိုင်ခင် သောကြာလို ညနေခင်းများမှာသာ နောင်ရောက်လာမည့် ရက်သတ္တပတ်တွေအတွက် အားအင်ကို ခုလို အပြေးပြိုင်ခြင်း ဖြင့် ဖြည့်တင်းနိုင်ကြသည်။ ခြွင်းချက် အနေဖြင့် ဗုဒ္ဓဟူးဖြစ်သည့် ယနေ့အတွက် ကျွန်မတို့ သည်နေရာ ကိုရောက်လာခြင်းသည် သူမအတွက် သက်သက်သာဖြစ်သည်။ ကျွန်မပြေးတာကို သူမအား ငြိမ်ငြိမ် သက်သက် ထိုင်ကြည့်စေပြီး သူမ အစား ကျွန်မက သူမ၀န်ထုပ်ကို လွှတ်ချနေခြင်းဖြစ်သည်။

နေ့လယ်ထမင်းစားချိန်မတိုင်ခင် " နေ့ဝက်ဆေးခွင့်ယူမည် " ဆိုသော စာတိုလေး သူမဆီ မှ ရောက်လာတော့ အမှုမဲ့ အမှတ်မဲ့သာ။ ညနေငါးနာရီခွဲလောက်မှာ ဘူတာရုံဘေး စားသောက်ဆိုင် မှာစောင့်နေမည် ဆိုလာပြန်တော့ ကျွန်မ  စိတ်ထင့်သွားရသည်။ သူမ ငှားနေသောအိမ်သည် ကျွန်မအိမ်မှ ရထား ငါးဘူတာအကွာမှာရှိသည်။ သူမ အလုပ်လုပ်သော စက်ရုံရောက်ရန် ကျွန်မအိမ်နား ကားမှတ်တိုင် သို့လာပြီး shuttle bus စီးရသေးသည်။ သူမ အိမ်ပြန်ပြီး တစ်ခေါက်ပြန်ထွက်လာ ရလောက်အောင် ဟု တွေးမိသည့်အခါ ကျွန်မ စိုးရိမ်မှု ဒီဂရီ မြင့်တက်သွားရသည်။

သူမကိုမြင်တော့ ကျွန်မ  စိုးရိမ်ထားသလို သူမမျက်နှာလေးသည် အတော်ချောင်ကျနေချေ ပြီ။ နဂိုဖြူ သည့် သူမ အသားရောင်သည် ဖျော့သည့်ဘက်သို့ ယိမ်းယိုင်လုလု။ ကျွန်မနှင့် သူမ သောကြာညနေတိုင်းဆုံနေ ကျ။ သည်သုံးလေးရက်အတွင်း သည်မျှ လောက်ပိန်သွားခဲ့ချေပြီ။ သူမက ရှေ့မှ ကျွန်မကိုလည်း မမြင် သယောင်။ တွေတွေငေးငေး ဆွေးဆွေးရီရီ။ အငွေ့ပြယ်ပြီး ဆန်ပြုတ်အားလည်း တစ်ဇွန်းတစ်လေမျှ မခတ်သေး။ လက်ယာမှလက်ဝဲ၊ လက်ဝဲမှလက်ယာ အခါခါမွှေခြင်းအားဖြင့် ပန်းကန် ကြမ်းခင်း၌ စိန်လက် စွပ်ကို စမ်းမိလေ မည်ထင်နေသလားဟု ကျွန်မ  ခပ်ရွဲ့ရွဲ့တွေးမိသွားသည်။ တစ်ချက်တစ်ချက် သက် ပြင်း မောများလည်း ချသေးသည်။

နွမ်းဖတ်ဖတ် ညှိုးလျလျ သူမအားကြည့်ရင်း မချင့်မရဲ ဖြစ်လာသော ကျွန်မက " အဲလောက် လည်း နုမနေစမ်းပါနဲ့။ အသက်နဲ့မှ အဝေးကြီးရယ် " ဟု ဘုတောမိတော့သည်။ ယခင်ဆိုလျှင် စနောက် ကျီစယ်မှန်းသိသည့်တိုင် ပါးဖောင်းဖောင်းလေးများ နီရဲသည်ထိ ရှူးရှူးရှဲရှဲ အသက်ရှူမြန်လာကာ ကျွန်မကို စိတ်ကောက်တတ်သည့် သူမက ခု ခပ်ယဲ့ယဲ့သာ ပြုံးပြလေသည်။

" ဆေးခန်းသွားတော့ ဆရာဝန်က ဘာပြောလဲ ... "

ဖျတ်ခနဲ သူမ မော့ကြည့်သည်။ ပြီးတော့ လေးတွဲ့စွာ ခေါင်းခါပြသည်။

" ဆေးခန်းလည်း မသွားဖြစ်ပါဘူး ချိုရယ် ... ။ ပြီးခဲ့တဲ့အခေါက်ကတည်းက ဆရာဝန်က ပြောပြီးသား။ နောက်တစ်ခေါက်ဗိုက်ပြန်အောင့်လာရင် ဆေးရုံမှာ ဆေးစစ်ဖို့လိုလိမ့်မယ်တဲ့။ ဆေးစစ်ရင် စရိတ်တွေက အများကြီးကုန်မှာလေ။ လောလောဆယ်တော့ အစာမာ တွေမစားဘဲ အစားဆင်ခြင်လိုက်ရင် သက်သာသွားမှာပါ။ "

သူမ လက်ဖ၀ါးလေးအား ဆုပ်ကိုင်ပြီး အားပေးနေမိသည်။ " ဒါဆိုလဲကွယ် ... အိမ်မှာ သက်တောင့် သက်သာ နားနေပါတော့လား။ တစ်ခေါက်ပြန်ထွက်လာရတယ်လို့ ..."

" စက်ရုံကထွက်လာလာချင်း အခန်းပြန်ပြီး ခုတင်ပေါ်ခွေနေအုံးမလို့ပဲ။ ဒါပေမဲ့ နေ့လယ်ခင်းဆို အားလုံး အလုပ်သွားနေကြတာ။ တစ်ယောက်တည်း ယောင်ချာချာ ဟိုတွေးဒီတွေး ရောဂါတိုးလာတာထက် ချိုတို့ အိမ်နားက ကလေးကစားကွင်းမှာ ဆော့နေတဲ့ ကလေးတွေ ကိုငေးနေတာက လက်ရှိဖြစ်တည်မှုကို တဒင်္ဂ မေ့စေမယ်ထင်လို့ ထိုင်နေခဲ့တာ ..."

" လွင်ရယ် ..."

ကျွန်မ လည်ချောင်းဝမှာ စကားလုံးတို့ ပျောက်ရှကုန်သည်။ ထွက်ကျလာသည့် စကားတစ်ခွန်းက
" မြက်ခင်းပြင်ထဲ သွားကြစို့။ "

  @@@@@
 
ကျွန်မ ပြေးပြီးမောလာတော့ မြစိမ်းရောင်မြက်ခင်းပြင်ကို မွေ့ယာအလား မှတ်ယူကာ သူမ ရှေ့မှာ ပက်လက် လှန်လှဲချ ပြီး ကောင်းကင်ပြာပြာကို မော့ကြည့်သည်။

" အို ... တိမ်ဖြူ တွေရယ် မင်းတို့ပုခုံးထက်ငါ့ကို ထမ်းပိုးပြီး ငါ့ရဲ့အိမ်လေးဆီ ခေါ်ဆောင်သွားပေးပါလား။ " ဟု ကျွန်မက ငြီးတွား သလိုလို တိုင်တည်တည်သလိုလို ရေရွတ်လျှင် ငဲ့စောင်းမကြည့်သော်လည်း သူမ ကျွန်မကို စူးစူးရှရှ ကြည့်နေမည်မှာသေချာသည်။ သူမ နှုတ်ခမ်းထောင့်ချိုးလေးကွေးရုံ ပြုံးသွားတာကိုလည်း မျက်ဝန်းထောင့်မှတဆင့် မြင်လိုက်ရသည်။ " ဘာလဲ ချို ဘယ်သူမှ မသိလိုက်ပါပဲ ယောက်ယက်ခတ်သွားမဲ့ အချိန်တွေကြုံလာ မှာစိုးတယ်ပေါ့ ..." ဟု တိုးတိုးလေးပြောသော်လည်း ကျယ်လောင်သည် ထင်ရသည့် စကားသံကို ကြားရလျှင် သူမမျက်နှာပေါ်က အရိပ်ကို အလောတကြီး ရှာဖွေမိတတ်သည်။ သူမ ကိုယ်သူမ ယုံကြည်ခြင်းများ ဖိတ်လျှံကျနေသည်နှင့် ထပ်တူညီစွာ အခံရခက် ကြေကွဲခြင်း များရောစပ်နေသည့် အရောင်စပ်မျက်နှာကို မြင်ရသည့်အခါ တစုံတရာ၏ စေ့ဆော်အားကြောင့် သူမကို ပွေ့ဖက်မိသွားပေလိမ့်
မည်။

ယောက်ယက်ခတ်သည်ဆိုနိုင်လောက်သော ဖြစ်ရပ်ကို သူမ ဇာတ်ကြောင်းလှန်တုန်းက ကျွန်မမှာ မျက်လုံး အပြူးသား ရင်မောခဲ့ရသေးသည်။ နေရာဒေသ ကွာဟချက်တစ်ခုနှင့်တင် အပရိက ကိစ္စက ဆူးတစ်ချောင်းနှယ် သူမရင်ကို စိုက်ဝင်သွားခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေအလုပ်ပိတ်ရက်နှင့်ဟောလီးဒေးလ် (Holiday) ကြား တစ်ရက်တည်းသော အလုပ်ဖွင့်ရက်၊ သူမ တစ်ယောက်တည်း အလုပ်လာသည့်ရက်၊ တံခါးခေါက်သံကြား၍ အ၀င်တံခါးဖွင့် အပြင်ကိုအကြည့်၊ ဟထားခဲ့သောတံခါးက လေအရှိန်ဖြင့်ပိတ်သွား၊ ကံဆိုးစွာ လော့ခ်ကိုလည်း ချမိလျက်သား။ ပိုက်ဆံအိတ်၊ ဖုန်း၊ ရထား/ကား စီးသည့်ကဒ် အားလုံး တံခါးချပ်၏ အတွင်းမှာ။ သော့ပိုရှိသော မန်နေဂျာကို ဆက်သွယ် ရန် ဖုန်းငှားဆက်ရအောင်လည်း အနီးဝန်းကျင်မှာ စက်ရုံများသာရှိသဖြင့် အမျိုးသမီးထက် ယောက်ျားသား များသာ အများစုမို့ အကူအညီတောင်းလိုက်ခါမှ အန္တရာယ်ကိုဖိတ်ခေါ်သလို ဖြစ်မှာလည်းစိုးရသေးသည်။ ဖုန်းငှားခဲ့သူရှိလျှင်တောင် ဖုန်းနံပါတ်တွေက မှတ်ဉာဏ်ထဲ နတ္ထိ။ အစဂဏန်းသိလျှင် အဆုံးနံပါတ်မသေချာ။ အဆုံးနံပါတ် မှတ်မိလျှင် အစဂဏန်း ဝေေ၀၀ါးဝါး။

တစ်နာရီလောက် ပျာယာခတ်ပြီးကာမှ သူမ သူဌေးဆီ အမြဲတမ်း ပစ္စည်းသွင်းခဲ့သည့် ကုမ္ပဏီမှ ကုန်အမှာ လာပို့သည်နှင့်ကြုံ၍ မှတ်ဉာဏ်ထဲက အရောရောအထွေးထွေး အလုပ်သမားခေါင်းဆောင်ဖုန်းကို အခါခါခေါ်ပြီး မန်နေဂျာကို ဆက်သွယ်ခိုင်းခဲ့ရသည် ဆိုမှ ကျွန်မမှာ သက်ပြင်းချနိုင်သည်။

ကျွန်မ ခုလိုမျိုးပူပန်ပေးနေသည့် သူမသည် တစ်ချိန်က ကျွန်မ၏ အမြင်ကတ်ပုဒ်မနှင့် ငြိစွန်းခဲ့ဖူးသည်။ ရန်ကုန်သူ ကျွန်မက ရန်ကုန်မြို့ပေါ်ရှိ ကုမ္ပဏီတွေထက် လစာပိုသာပြီး၊ စားစရိတ် နေစရိတ်အငြိမ်း၊ စနေ တနင်္ဂနွေ ရန်ကုန်-နေပြည်တော် အသွားအပြန် ဖယ်ရီလည်း စီစဉ်ပေးမည်ဆို၍ နေပြည်တော်ရုံးခွဲရှိ ထို အလုပ်ကို လက်ခံခဲ့သည်။ အလုပ်ဝင်စ ကျွန်မမှာ ကွန်ပျူ တာမှလွဲပြီး မည်သည့် စာရေးကိရိယာကိုမှ ၀န်ထမ်းရေးရာမှ ထုတ်မယူရ သေး။ တစ်နေ့ အလွန်ကြီးမားသော အဆောက်အဦး၏ ခန့်မှန်းချေ ကုန်ကျ စရိတ်တွက်ရန် တာဝန်ယူရသည်။ အဆိုပြုပုံစံငယ် Drawing သည် ရှုပ်ယှက်ခတ်လွန်းသဖြင့် အရောင် များနှင့် အပိုင်းလိုက် ခွဲထုတ်မှသာ ရှင်းလင်းမည်ဖြစ်၍ သူမ မရှိခိုက် သူမစားပွဲပေါ် အသင့်တွေ့ သည့် ရောင်စုံခဲတံများကို ယူသုံးလိုက်မိသည်။ သူမ သိသည့်ခါ သူတပါးပစ္စည်း ခွင့်တာင်းသင့်သည်ဆို ကာ ပေါက်ကွဲတော့သည်။ ဘာမဟုတ်တာလေးနှင့် ဆပ်ပြာပူဖောင်းလို အကဲဆတ်သည့် သူမကို အံ့လည်းအံ့သြ၊ နောက်ပိုင်း ခပ်တန်းတန်းသာ ဆက်ဆံမိသွားတော့သည်။

စကားဝိုင်းထဲ သူမ၀င်လာလျှင် ထထွက်သွားသူမှာ ကျွန်မ ဖြစ်ပြီး အဆောင်နောက် ရေချိုးကန်၌ ကျွန်မ အ၀တ်လျှော်နေတုန်း သူမ လှမ်းလာတာမြင်လျှင် လျှော်လက်စ အ၀တ်များကိုပင် တိုးလိုးတန်းလန်း ထားခဲ့လေ့ရှိသည်။ ဌာနခေါင်းဆောင်မှ သူမနှင့်အတူတူ ပရောဂျက် တွဲလုပ်မခိုင်းစေရန်လည်း တိတ်တိတ်ကျိတ် ဆုတောင်းဖူးသည်။ တစ်ခါ သူမ ညက သရဲခြောက်ခံရကြောင်းကို အကြောက် မပြေသေးဟန်ဖြင့် ထမင်းစားဆောင်မှာ ရင်ဖွင့်သံ ကြားရသည့်အခါ စိတ်ထဲ၌ လက်ခုပ်ပင် တီး၍ ၀မ်းသာ လိုက်သေးသည်။

အဲသလိုနှင့် ကျွန်မ အစမ်းခန့်ကာလ ပြည့်ပြီး သုံးပတ်မြောက်မှာ ရန်ကုန်-နေပြည်တော် အသွားအပြန် ဖယ်ရီပေါ်မှာ တစ်ပတ်လည်း မဟုတ်၊ နှစ်ပတ်လည်းမက နယ်မြို့လေးကလို့ သိထားသောသူမ ကို တွေ့ရတော့ နီးစပ်ရာကို စပ်စုကြည့်မိသည်။ အို ... သူမလို လူကောင်သေးသေးလေးမက်သည့် အိပ်မက်တို့ကို ချီးကျူးစိတ်ထက် လှောင်ရယ်စိတ်က အလေးသာခဲ့လိမ့်မည်။ ကျောတစ်ခင်းစာ ခက်ခဲသည့် ရန်ကုန်လိုမြို့ပြမှာ သိရုံလောက် မိတ်ဆွေအိမ်မှာ အောက်ကျို့ခံတည်းပြီး လိုအပ်သည့် သင်တန်းအစုံစုံ တက်သည်။ ရည်ရွယ်ချက်က နိုင်ငံခြားသို့လှမ်းမည်။ ကျွန်မတို့လို ကိုယ့်ပိုက်ဆံနှင့်ကိုယ် ရင်းနှီးနိုင် သူတွေတောင် အဖြူ အမည်းမသဲကွဲသည့် ရလာဘ်အတွက် ခြေမလှမ်းရဲချိန်မှာ သူတပါး ထောင်ပေးမှ တက်ရမည့် လှေခါးကိုနင်းပြီး အမြင့်မှန်းနေသည့် သူမကို အပြစ်တင် ချင်မိခဲ့သည်မှာ အမှန်တရားပင်။ သို့ပေမဲ့ ကူညီဖေးမစကားမဆိုခဲ့တာတော့ အတုံ့အလှည့်၏ ရလာဘ်သာပဲလေဟု ကိုယ့်ဘက်ကိုယ် ယက်၍ တွေးလိုက်သည်။

အချိန်တွေသည် တဖြုတ်ဖြုတ်ကြွေဆင်းသွားသည်။ သူမနှင့် နောက်ဆုံးနှုတ်ဆက်ပွဲညမှာ အားလုံး ဆုတောင်းစကားပြော ကြသော်လည်း ကျွန်မအလှည့်၌ လက်ကာပြပြီး မုန့်ကိုသာ ငုံ့စားနေခဲ့သည်။ သူမအလုပ်ထွက်၊ နိုင်ငံခြားရောက်ပြီး တော်တော်ကြာအောင် ကျွန်မမှာ စိန်ခေါ်မှုအသစ် တို့ကို ကြောက်ရွံ့လို့ အသားကျပြီး အလုပ်ကိုမစွန့်နိုင်သေး။ နေပြည်တော်မှာ ပျော်နေဆဲ။ လုပ်ဖော် ကိုင်ဖက်အစ်မများ၏ အီးမေးလ်မှတဆင့် သူမ ပျော်မြူးနေသည့် ဓာတ်ပုံများမြင်ရသော် ထူးပြီးမခံစား မိသော်လည်း တစ်လတစ်လ အိမ်ကိုလွှဲနိုင်သည့် ငွေ ပမာဏကို ကြားရတော့ ရှက်ရွံ့သည့်ခံစားချက် က သွေးကြောထဲဖြတ်စီးသွားသည်။ ကျွန်မ လခဆယ်လ လောက်စုမှ သူမ၏တစ်လစာနှင့်ညီမျှမည်လေ။ ကျွန်မတို့ဌာနမှ တချို့လည်း သူမ လျှောက်သည့်လမ်းကို မက်မောစွာ၊ နှစ်လိုစွာ ရွေးချယ်သွားချိန်မှာတောင် ကျွန်မမှာ မပြတ်သားနိုင်သေး။

ထိုအချိန်မှာပင် ကံကြမ္မာ အချိန်တန်လာသည် ဆိုရလေမလား။ Settle ကျပြီးသူငယ်ချင်းက သူ့အောက်က လစ်လပ်ရာထူး အတွက် ထောက်ခံပေးမည်။ လာခဲ့လိုက်ဆိုသည်။ အလုပ်နေရာက သေချာနေပြီမို့ ကျွန်မ ရှည်ရှည်လျားလျားမတွေး။ ကျွန်မသည် ကျွန်းနိုင်ငံလေးကို ရောက်နေမှန်း ကျွန်မ ဖေ့စ်ဘုတ်စာမျက်နှာမှ တဆင့် သူမ သိတော့ လိပ်စာမေးပြီး အပြေး လာတွေ့သည်။ မုန့်ဝယ်ကျွေးသည်။ သူမ ကူညီနိုင်မည့် အရာ မေးသည်။ ကျွန်မ ပစ်ပစ်ခါခါ ကျောခိုင်းထားဖူးသည့် သူမကို တအံ့တသြငေးကြည့်နေ မိသော ကျွန်မကို
" ဒီလိုပဲ ... ခံစားတတ်လာလိမ့်မယ်။ အရင်က မခင်ခဲ့လဲ၊ မကျွမ်းဝင်ခဲ့လဲ ကိုယ်ရှူ ခဲ့ဖူးတဲ့ လေတချို့ သူလည်း ရှိုက်ခဲ့ဖူးပါလားဆိုတဲ့ အသိနဲ့တင်လုံလောက်ပြီ။ " ထိုစကားကို ခုတိုင် မှတ်မိနေသေးသည်။

ဖုန်းစဆက်သူက သူမသာဖြစ်ပြီး သောကြာညနေခင်းတိုင်း ဆုံရန်ချိန်းသူကလည်း သူမသာ ဖြစ်သည်။

မောင်နှမများသော မိသားစု၏ အကြီးဆုံးသမီးမို့ မိသားစု၏ဂရုစိုက်မှု၊ အလိုလိုက်မှုအားလုံး အငယ်တွေကို ဦးစားပေးခဲ့ရသော၊ မေတ္တာနို့ရည်ကို မစို့မပို့သောက်သုံးခဲ့ရသော သူမ၏ နောက်ခံကို သူမ၏မျှဝေမှုများမှ ခပ်ပါးပါးပုံဖော် မိလာချိန်မှာ နေပြည်တော်မှာတုန်းကလို သူမကို အမြင်ကတ်သည့်နေရာမှာ ကရုဏာ စိတ်က အစားဝင်လာသည်။ ကျွန်မက သူမ အပါအ၀င် သူငယ်ချင်းများ ကိုယ့်ကိုအသိမပေးဘဲ တစ်နေရာ ရာလည်ပတ်လျှင်ဖြစ်စေ သို့မဟုတ် တွေ့ဆုံပွဲလုပ်လျှင်ဖြစ်စေ မည်သို့မျှ မနေသော်လည်း ကျွန်မ သူမကို မခေါ်ဘဲ တစ်နေရာရာသွားမိလို့ တစ်နည်းနည်းဖြင့်ပြန်သိလျှင် သူမက တဗျစ်တောက်တောက်။ အနည်း ငယ်စိတ်အနှောင့်အယှက်ဖြစ်သော်လည်း လူ့သဘာဝကိုက ကိုယ့်ကိုနေရာပေးလျှင်၊ တွယ်တာလျှင် သဘောကျ တတ်ကြသည်လေ။

တစ်ဆင့်ထက်တစ်ဆင့်မြင့်မားသော ပညာတို့ကိုသင်ချင်သည့် သူမ၊ သူတကာထက် ရှေ့ ရောက်လိုသော သူမ၊ ကျွန်မ မြင်ရသည်မှာ အားနှင့်ဝန် မမျှစွာ ပင်ပန်းကောင်းပင်ပန်းမည် ဖြစ်သော်လည်း သူမ အမှန် တကယ် ပျော်ရွှင်နေဖို့သာ မျှော်လင့်ပါသည်။

ကျွန်မတို့နှစ်ဦး အိမ်လွမ်းဝေဒနာများ တူတူသီဆိုလိုက်၊ တစ်ယောက်က တစ်ယောက်ကို ဖေးမလိုက်ဖြင့် ရာသီစက်ဝန်းတစ်ပတ် ပြည့်သွားသည်။ တော်သင့်ရုံလောက်သာ မိဘဆီ ငွေပြန်လွှဲရလျှင် ငွေကြေး အတိုင်းအတာတစ်ခုထိ စုမိပြီးလောက်သည့် အချိန် ကာလမို့ ဘွဲ့လွန်ဆက်တက်သော် ကျပ်ကျပ်တည်း တည်းမဖြစ်သော်လည်း မိသားစုကို ငဲ့ရသည့်သူမ အဖို့ ဒုတိယ ရာသီစက်ဝန်း တစ်ပတ်စာလောက် စောင့်စေချင်ခဲ့သည်။ သိကြားမင်းဆင်း တားလျှင်တောင် မဖြုံမည့် သူမက သူတို့နိုင်ငံအသိ အမှတ်ပြု စာရွက်လေးတစ်ရွက်မှ မကိုင်ထားလျှင် မည်မျှအရည်အချင်း ရှိရှိ နောက်တန်းကနောက်တန်း ဆိုသည့်စကားကို ကျွန်မ မငြင်းနိုင်။

သူမ ကျောင်းတက်သည့်အခါ ခပ်စိတ်စိတ်မဆုံဖြစ်တော့ဘဲ ခပ်ကျဲကျဲသာ တွေ့နိုင်တော့သည်။ တစ်ပတ် တစ်ပတ်တင်လိုက်ရသည့် Assignment များ၊ တစ်လတစ်လဖြေလိုက်ရ သည့် Tutorial များ၊ ဦးဏှောက်ပေါက်ထွက်တော့မည်။ စာမေးပွဲမဖြေခင် ရူးသွားနိုင်သည်။ ဖုန်းထဲမှလည်း ညည်းသည်။ မက်ဆေ့ခ်ျများလည်းရသည်။ ကျန်းမာရေး မပေါ့ဆရန်လည်း ကျွန်မက တဖွဖွ သတိပေးရသည်။

တစ်ဖက်က သူမ ထိုသို့ထိုနှယ် စိတ်ဖိစီးနေချိန်၌ သည်ဘက်မှ ကျွန်မကလည်း ကြိုတင် မျှော်လင့်ပြီးဖြစ် သည့်တိုင်၊ အကြိမ်ကြိမ် အသင့်ပြင်ထားပြီးဖြစ်သည့်တိုင် သည်နိုင်ငံသူ နိုင်ငံသားများဆီမှ အကြင်နာ တရားကို ငံ့လင့်နေမိ၍ ကိုယ်ဘာသာ ဒေါသထွက်နေရသည်။ အချိန်ကာလ သည်မျှကြာအောင် လက်တွဲဆောင်ရွက်ခဲ့သမျှ အကောင်းချည်းရလာဘ်မှာ တခါတရံ ချွတ်ချော်မှုအတွက် ကျွန်မကို နားလည်ပေးစေချင်သည်။ တစ်ချိန်က မက်မက် မောမောလိုချင်ခဲ့သော ငွေကြေးအတိုင်းအတာကိုလည်း မိဘဆီလွှဲနိုင်သည့်နည်းတူ သေဆုံးသွားသည့် တက်ကြွမှုများ၊ မြုပ်နှံလိုက်ရသည့် လတ်ဆတ်မှုများကို တမ်းတနေမိသည်။

" ဘာကိုမျှော်လင့်တာလဲ။ ဘာကိုတောင့်တနေတာလဲ။ လိုချင်တဲ့ငွေကြေး သူတို့ဘက်က ပုံပေးထားပြီးပြီ။ ကိုယ့်ဘက်ကလည်း ပေးဆပ်သင့်သလောက်ပေးဆပ်ပြီးပြီ။ ဘာကိုထပ်ပြီး လိုချင်သေးတာလဲ။ "

" မေတ္တာလား၊ အကြင်နာလား၊ ဂရုစိုက်မှုလား၊ ဒီ type ဒီ standard ကို သိနေရဲ့သားနဲ့ မျှော်လင့်နေသေး တယ်ဆိုရင် မျှော်လင့်သူ အလွန်လား၊ မပေးသူအလွန်လား။ "

" ဘာအတွက်ကြိုးစားနေတာလဲ။ ဘယ်သူ့အတွက်ကြိုးစားနေတာလဲ။ ကိုယ့်လောဘက ကိုယ့်ကိုကြိုး ကိုင်နေတာ။ အရေးကြီးဆုံးက ပိုက်ဆံလား။ ပိုက်ဆံတွေတော့ စုမိလာပါရဲ့။  ပညာပိုင်းမှာ လဲ နိုင်ငံတကာအတွေ့အကြုံတွေရလာပါရဲ့။ တစ်ချိန် ဒါတွေကို တမလွန်ဆီ သယ်သွားနိုင်မှာမို့လား။ "

သည်ကြားထဲ သူမက လစာသာသည့် အလုပ်ကို ခုန်ကူးလိုက်သေးသည်။ ကျွန်မ အနေနှင့် ကျောခိုင်း ထားခဲ့တော့မည်တွေးလိုက်၊ မက်မောလောက်စရာ အခွင့်အရေးများက လှမ်းဆွဲ ထားလိုက်၊ လုံးလည် ချာလည် သံသရာလည်ရင်း မဆုံးဖြတ်နိုင်သေး။ ဆန့်တငင်ငင် ကျွန်မ ဆုံးဖြတ်ချက်ကို တိခနဲပြတ်ကျ သွားနိုင်မည့် ဓားသွားကို သူမက ဒုတိယနှစ်ဝက်စာမေးပွဲဖြေ အပြီးမှာ ယူဆောင်လာခဲ့သည်။

" အမှောင်မပါရင် ညက သူ့ဘာသာရပ်တည်မနေနိုင်ဘူးလား။ "
သူမ ရူးသွေးချေပြီဟု ကျွန်မ တွေးလိုက်သည်။

" လုံးလုံးလျားလျားရူးသွားရင်လည်းကောင်းသား။ ခုဆိုမှောင်လာမှာကို စိုးထိတ်နေပြီ ချို ရယ် … မျက်လုံးမှိတ်လိုက်လို့ အမှောင်ကမ္ဘာထဲရောက်သွားတိုင်း မြင်မက်မဲ့ အိပ်မက်တွေ ကို … "

" အိပ်မက်ထဲမှာလေ ဖေဖေက လက်ယက်ခေါ်နေတာ။ မျက်နှာကလည်း ဖွေးစွတ်လို့။ ဖေဖေ့ဆီပြေးသွားလေ ဖေဖေကခြေလှမ်းဆုတ်သွားလေလေ … အိမ်ကိုဖုန်းဆက်မေး တော့လည်း နေကောင်းတယ် စိတ်မပူပါနဲ့တဲ့။ "

" တချို့ညတွေမှာတော့ လွင်က လွင်တို့အိမ်တံခါးကိုခေါက်တာ။ ဒါပေမဲ့ ဘယ်သူမှမကြား ဘူး။ အဲလို ဆင်တူအိပ်မက်တွေရက်ဆက်လာတော့ မှောင်လာမှာကို ကြောက်နေမိရော။ "

" ပြီးတော့ မက်သေးတယ်။ ကိုယ့်အိမ်ကို ပြန်တဲ့လမ်းကိုတောင် လွင်က မမှိတ်မိဘူးတဲ့လေ။ "

ကျွန်မအတွက် အချက်ပေးခေါင်းလောင်းသံတွေ ညံဆူသွားသည်။ ကျွန်မ အလုပ်ထွက်စာ တင်တော့ သူဌေးကတားသည်။ ဘ၀ အာမခံချက်၊ တက်လမ်း၊ ကွာခြားမှုကို ဇယားဆွဲယှဉ် ပြသည်။ စကား လုံးနှင့်ဆွယ်သည်။ ငွေကြေးနှင့် မျှားသည်။ မည်သို့ဆိုစေ ကျွန်မ မိဘ အရိပ်အောက် ပြန်ခိုဝင်ခဲ့သည်။

တချို့လည်း သူတို့တွေဝေနေသည့် အရာကို ကျွန်မ ရဲဝင့်သွားသည့်အတွက် ထောမနာ ပြုကြသည်။ တချို့ လည်းအားကျကြသည်။ တချို့က မိုက်ရူးရဲဆန်လိုက်တာဟု အပြစ် ဆိုချင်ကြသည်။ ကျွန်မကတော့ ကျွန်မ ရွေးချယ်မှုအတွက် ကျေနပ်ပျော်ရွှင်ခဲ့ရသည်။

@@@@@

ကျွန်မနှင့်သူမ ရေမြေခြားသွားသော်လည်း ဆက်သွယ်မှုကြိုး ပြတ်မသွားခဲ့ကြချေ။ သုံးပတ် တစ်ခါ သို့မဟုတ် တစ်လတစ်ခါ လူချင်း မတွေ့လျှင်တောင် စာအသွားအလာ(Email) ချန်ခဲ့ ကြသည်။ သူမ ဂုဏ်ထူးများဖြင့် မာစတာဘွဲ့ သိမ်းပိုက်နိုင်ကြောင်း သိရတုန်း ကလည်း ကျွန်မ  သူမနှင့်ထပ်တူ ၀မ်းသာရ သည်။ ရာထူးတွေ တဆင့်တဆင့်မြင့်၊ လစာတွေ တစ တစတက်၊ လုပ်ပိုင်ခွင့်တွေ ပိုလာ ကာ အောင်နိုင် ခြင်းအလံတိုင် စိုက်ထူနိုင်ပြီဆိုတုန်းကလည်း မုဒိတာ ပွားရသည်။ " အိပ်မက်တွေ မက်တုန်းပဲလား " မေးတော့ " အသားကျနေပါပြီ။ " ဆိုတဲ့သူမကို " တရားနာ၊ သတိပဌာန်ကို အလေ့ အကျင့်လုပ် " ဟု စိတ်ပူပင်စွာ သတိပေးခဲ့သေးသည်။ အလှုပ်အရွေ့၊ အတက်အဆုတ် ငြိမ်သော ကျွန်မ အခြေအနေထက် သူမ အနေအထားကိုသာ ပြောဖြစ်သည်ကများသည်။ ဟော .. ခု သူမနှင့်ပြန်ဆုံရတော့မည်။

" ဘယ်လို လွင် ... ကိုယ်ရှူ ခဲ့ဖူးတဲ့လေကို ပြန်ရှူ ရတဲ့ ခံစားချက် ..."

သူမ လက်မထောင်ပြသည်။

" မေးလ်ထဲမှာ သတင်းကောင်းပြောမယ်လို့ ရေးထားတာ ... ဘာများလဲ ယောကျာ်းယူ တော့မို့လား။ "  

" ဟာ .. ဟ မဟုတ်ပါဘူး ချို ... လွင် အပြီးပြန်လာတာ။ နယ်ပြန်ပြီး မိဘ၊ မောင်နှမတွေနဲ့ပဲ လုပ်ကိုင်စားတော့မလို့ ..."

" ချိုရော ... အရင်စိတ်ကူးခဲ့ဖူးသလို စားပင်သီးပင်တွေစိုက်ပြီး အေးအေးချမ်းချမ်းပေါ့။ "

ကျွန်မ လေးတွဲ့စွာ ခေါင်းယမ်းပြလိုက်သည်။

" ခု TOFEL ဖြေဖို့ သင်တန်းတက်နေတာလေ။ "

" TOFEL ..."
သူမ သံယောင်လိုက်သည်။

" ဘာလုပ်ဖို့လဲ ..."

" TOFEL ပါဆို။ ကျောင်းလျှောက်မလို့ပေါ့။ "

" ကျောင်း ..."

သူမ သံယောင်လိုက်ပြန်သည်။

" အဲလိုမကြည့်နဲ့ ... လွင်။ ဘယ်သူ့အတွက်လဲ။ ဘာအတွက်လဲ။ ကိုယ့်မှာအဖြေမရှိဘူး။ နောင်လဲအဖြေရှိလာ၊ မရှိလာ မသေချာဘူး။ "

ကျွန်မနှင့်သူမကြား တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် လမ်းခွဲလိုက်ကြသည်။
ကျွန်မဖြစ်စေ၊ သူမဖြစ်စေ၊ တစ်ဦးတစ်ယောက်ဖြစ်စေ ... လည်ပတ်မှု စက်ဝိုင်းအတွင်းမှ ရုန်းထွက်နိုင်လိမ့်မည်ဟု တပ်အပ်သေချာမပြောနိုင်ပေ။



ရင်ငြိမ်းသူ(မော်လမြိုင်)
4.12.2013(Wednesday), 2:18 PM

ဇွန် ၂၀၁၄ ရွှေအမြုတေ မဂ္ဂဇင်း




4 comments:

  1. Congratulation ပါညီမရင်ငြိမ်းရေ။ တွေးတွေးဆဆရေးထားတဲ့ ဝတ္ထုကောင်းလေးတစ်ပုဒ်ကိုသေသေချာချာလာဖတ်သွားပါတယ်။ ဒီထက်မက အောင်မြင်မှုများစွာရပါစေ :) :)

    ReplyDelete
  2. ဒါမျိုးလေးတွေ ရေးထွက်ချင်လိုက်တာ
    အများကြီး ဆက်ရေးပါဦး :)

    ReplyDelete
    Replies
    1. မမ ညိုလေးနေ အားတွေအများကြီးရှိသွားပြီ။

      Delete