-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;
Friday 28 February 2014
အလင်းမဲ့ လတစ်စင်း
ည။ ကြယ်ပွင့်ငယ်တို့၏ အလင်းဖျော့ဖျော့မှတပါး မှောင်မဲတိတ်ဆိတ်လွန်းလှသည့်ည။ မြေ ပြင်သို့ ဆင့်ကာဆင့်ကာခြေဖျားထောက်လျက် အပြာရောင်သစ်သားဒန်းငယ်လေးကို လှုပ် ယမ်းရင်း ကောင်းကင်ကိုငေးမောကြည့်ကာ ငယ် တွေးနေမိသည်။ ညသည် ငြိမ်သက်လွန်း ၍ အထီးကျန်ဆန်လေသလား။ ယခုညကပဲ ဆိတ်ငြိမ်လွန်းနေလေသလား။ ငယ်မသိ။
ငယ့်စိတ်နှလုံးတို့ ထွက်ပေါက်မဲ့ မွန်းကျပ်ပိတ်လှောင်လာတိုင်း ဖြေလျော့သည့်နေရာက၊ ပုန်းခိုသည့်နေရာက ခြံထောင့်ရှိ အပြာရောင်ဒန်းလေး။
ငယ် တွေးချင်ရာတွေး၊ ငေးချင်ရာငေးသည်။ ငယ်ပျောက်သွား၍လည်း တကူးတကလိုက်ရှာ မည့်သူမရှိ။
လေအေးတစ်ချက် သုတ်ခနဲ အဝေ့မှာ စံပယ်ရနံ့က ပျံ့လွင့်လာသည်။ ငယ် တ၀ကြီးရှူသွင်း ပစ်လိုက်သည်။ ဖြူဖြူလွှလွှ စံပယ်ပွင့်တို့ကို ငယ်ချစ်သည်။ ချစ်သည်ဟုထင်သည်။ ချစ်ခင်မြတ်နိုးခြင်းခံစားချက်ကို မခံစားဖူးသော ငယ့်အဖို့ ချစ်သည်ဟုသတ်မှတ်ရန် တွန့်ဆုတ်နေမိသည်။
ရွေးချယ်ခွင့်မရှိသော ဘ၀ကို ပိုင်ဆိုင်ခဲ့ပြီးနောက်၊ ပိုင်ဆိုင်ထားပြီး ဘ၀ကို ပြောင်းလဲခွင့်မရှိသည့်နောက်မျှော်လင့်ချက်ဟူသည်၊ ကြိုးစားလိုစိတ်ဟူသည်။ ညွှတ်ခွေလဲကျသွားသောခြေ အစုံအား ထောက်ကန်ထားသည့်အရာ မရှိမှတော့…..။ ရေဆန်မလှော်စုန်ရန်သာရွေးသည်။ နီးကပ်လာမလိုလိုဝေးကွာသွားလိုက်၊ ဖမ်းဆုပ်မိမလိုလိုအားတက်ပြီးမှလေဟာနယ်ကိုစမ်း မိလိုက်။ သက်ပြင်းကိုဖွဖွချတော့ လက်ခုပ်ထဲအထိအတွေ့က မိုးရေစက်များ။
စေ့ထားသော ဧည့်ခန်းအ၀င်တံခါးကို အသာလှပ်တော့ အားလုံးအိပ်မောကျနေသည်ထင်။ မှုန်ပျပျ အလင်းအောက်မှာ ငယ့်ခြေသံမှတပါး တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေသည်။ အပေါ်ထပ်ငယ့်အခန်းဆီအသွား လှေခါးထစ်များကိုဖြတ်နင်းတော့လည်း ဖွဖွလေး။ ယုတ်စွအဆုံး အသက်ရှူသံကိုတောင် ဖော့ထားသည်။
မေမေမြတ်ကနားပါးသည်။ အိပ်နေရင်းလန့်နိုးမှ ပွက်လောရိုက်သွားမည်။ မေမေမြတ်ကို ငယ်ကြောက်သည်။ ငယ်နိုင်မို့ အကျင့်ပါနေတာလည်းဖြစ်နိုင်သည်။
မေမေမြတ်ကလည်း ငယ့်ဆိုဘယ်တော့မှ မျက်နှာသာပေးဖူးခဲ့သည်မရှိ။ ငယ်က မေမေ မြတ်ဘ၀အတွက် အဖြည့်ခံသက်သက်။ မေမေမြတ်လိုအင်အတွက် အနင်းခံသက်သက် သာ။ ငယ်မတွေးချင်တော့။ ဘယ်မှညာသို့ ဦးခေါင်းကိုခါရင်း ဟထားသည့်တံခါးမှ လျှံကျ လာသော မီးရောင်ကိုမြင်တော့ ငယ်သွေးတိုးသွားသည်။ ဘုရား ဘုရား။ ငယ်မေ့ပြန်ပြီလား။ အခန်းထဲ မီးဖွင့်လျက်လူမရှိလျှင် မေမေမြတ်၏ပွစိပွစိ ဆူပူသံကို နားဆင်ရလိမ့်အုံးမည်။
လေပူကိုမှုတ်ထုတ်၊ အခန်းလက်ကိုင်ကိုလှည့်ဖွင့်လိုက်သည့်အခါ ပိုမျက်လုံးပြူးသွားရ သည်။ ပထမတော့ငယ်အသံပြုရန် တွေးလိုက်သေးသည်။ သို့သော်သူမလှုပ်ရှားမှုကို စောင့်ကြည့်ချင်စိတ်က ခေါင်းပြူလာသည်။
သူမကပြန့်ပြီးသား ငယ့်အိပ်ရာခင်းကို ဆွဲဆန့်ပြန်သေးသည်။ စာကြည့်စားပွဲပေါ်က ငယ့် ဓာတ်ပုံကိုတော့ ဖျတ်ခနဲသာကြည့်သည်။ သူမများ ဓာတ်ပုံဘောင်လေးကို ရင်ခွင်ထဲထွေး ပိုက်လေမလား စိတ်ကူးယဉ်မိသည့် ငယ့်အတွေးကို ကိုယ့်ဘာသာရှက်မိသည်။ သူမကိုငယ် နားမလည်။ သူမက ခံစားချက်ကို ဖုံးကွယ်သိုဝှက်သူလား။ တကယ်ပဲ အကြင်နာမဲ့သွေး အေးသူလား။ တခါတခါ သူမပုခုံးနှစ်ဘက်ကို ဖျစ်ညှစ်ပြီး ငယ့်ကိုမချစ်ဘူးလား၊ အချိန် အကြာကြီး ခွဲနေရတာတောင် မလွမ်းဘူးလား မေးလိုက်ချင်သည်။ လွန်ခဲ့သည့် ဆယ့်ငါး နှစ်အတွင်း ငယ်နှင့်သူမ ဆုံစည်းမှုက လက်ချိုးရေ၍ရသည်။ လွတ်လွတ်လပ်လပ် တွေ့ ဆုံရတာတော့မဟုတ်။ တံတိုင်းတစ်ခုက အမြဲကာခြားလို့ထားသည်။ မေမေမြတ်၏ တင်းတင်းကြည့်သောမျက်ဝန်းအောက်မှာပင် မပွင့်တပွင့်လေးပြုံး အဆင်ပြေတယ် မဟုတ်လားဟုမေးရုံ၊ အစစဂရုစိုက်ဟုတိုးတိုးလေးမှာရုံ။ သည်ထက်မပိုခဲ့။ မပိုခဲ့ပါ။
ခုအခွင့်အရေးက ငယ့်လက်တစ်ကမ်းမှာ။ ငယ်နှင့်သူမနှစ်ယောက်တည်း။ ငယ် ခေါင်းလေး ခွေ့တီတီတာတာ ချွဲနွဲ့လိုက်လျှင် သူမတင်းခံနိုင်မည်တဲ့လား။ ငယ်က သူမ၀မ်းမှ မွေးထုတ် ထားသည့် သူမကိုယ်ပွားလေ။ ငယ်တို့မျိုသိပ်ခဲ့ရသမျှ အတိုးချအလွမ်းသယ်လိုက်မည်။ ငယ် သူမဆီပြေးသွားပြီး ပွေ့ဖက်လိုက်မည်။ မေမေ။ မေမေ။ နှလုံးသားမှ အခါခါမြည်တမ်းခဲ့ ရသော စကား။ လည်ချောင်းဝမှပင် အလီလီမျိုချခဲ့ရသော စကား။ အားပါးတရ ခေါ်လိုက် မည်။ မေမေ့ကိုသာ မေမေဟု ခေါ်မည်ဆုံးဖြတ်ခဲ့သော်လည်း လက်တွေ့တွင် မေမေမြတ်သြ
ဇာကိုမလွန်ဆန်နိုင်ခဲ့ချေ။
သူမက ငယ့်ကို သတိမပြုမိသေး။ စိမ်းသက်နေမည့် ငယ့်အခန်းတ၀ိုက် ဝေ့၀ဲကြည့်သည်။ ခုတင်ခြေရင်း အ၀တ်တန်း၌ချိတ်ဆွဲထားသော ငယ့် သိုးမွေးဆွယ်တာအနွေးထည်လေးကိုရီရီ ဝေေ၀ငေးသည်။ မှန်တင်ခုံပေါ်မှ အရောင်စုံနှုတ်ခမ်းနီဗူးများ၊ လက်သည်းဆိုးဆေး ပုလင်း များ၊ ဒီဇိုင်းစုံကလစ်များ၊ ဘီးကုပ်များကိုမြင်တော့ သူမသမီးအလှကြိုက်လှချည်ဟု တွေးနေ သည်ထင်သည်။ သူမမျက်ဝန်းများသည် တစ်နေရာအရောက်၌ ရပ်တန့်သွားသည်။ သူမဆီ ပြေးဝင်သွားမည့် ငယ့်ခြေလှမ်းများလည်း တုံ့နှေးသွားသည်။
မီးရောင်အောက် မှန်တင်ခုံအံဆွဲအကန့်မှ တစွန်းတစ ပြူထွက်နေသော ငယ့်ဒိုင်ယာရီ စာ အုပ်လေး။ သူမလှမ်းယူလိုက်သည်။ စာမျက်နှာများကိုမလှန်သေး။ ငယ့် နှလုံးခုန်သံကိုနား နှင့်ဆတ်ဆတ်ကြားနေရသည်။ စာအုပ်လေးထဲမှ စကားလုံးများမြင်ပြီးနောက် သူမမည်သို့ တုံ့ပြန်မလဲ ရင်ခုန်နေမိသည်။
ဝေမျှခွင့်မရသမျှ ငယ့်ခံစားချက်တို့ကို ဒိုင်ယာရီစာမျက်နှာများပေါ် သွန်မှောက်ခဲ့ဖူးသည်။ ၀မ်းနည်းမျက်ရည်များ စွန်းထင်းခဲ့ဖူးသည်။ မှတ်မှတ်ရရ ငယ်ဒိုင်ယာရီစရေးတော့ အသက် ဆယ့်လေးနှစ်။ အဌမတန်း။ မှန်းချက်နှင့် ရလာဘ်ထပ်တူမညီသည့် ဖြစ်ရပ်တစ်ခုပြီးဆုံးပြီး သည့်နောက် ငယ့်တိုးတိုးဖော်ဖြစ်လာခဲ့သော ဒိုင်ယာရီလေး။
ဆောင်းညနေခင်း ကျောင်းလွှတ်ချိန်သုံးနာရီလောက်။ အကယ်၍ ငယ်ခုနေသူမရှေ့ ဘွား ခနဲ ပေါ်ခဲ့လျှင် သူမတအံ့တသြ ၀မ်းသာသွားလေမလား မျှော်လင့်ချက်ပါးပါးလေးနှင့် စိတ်လှုပ်ရှားခဲ့ဖူးသည်။ သူမမို့ငယ့်ကို ပစ်ထားရက်သည်။ မေမေမြတ် ငယ်တို့ ရပ်ကွက် သေးသေးလေးဆီ ကားအကောင်းစားကြီးစီးပြီး
“ နင်တို့သမီးရဲ့ ကြန်အင်ကအထက်တန်းစားလေး။ ဘယ်လောက်ပဲတန်ဖိုးရှိတဲ့ကျောက်ပွင့်လေးဖြစ်ပါစေ။ ကျောက်သွေးသမားရဲ့ အရည်အချင်းမပါဘဲနဲ့ တောက်ပလာမှာမဟုတ်ဘူး။ ဒီတော့…နင်တို့သမီးကိုငါနဲ့ ထည့်ပေးလိုက်။ ”
သူမ၏ ပြတ်သားစွာငြင်းဆန်နိုင်မှုအင်အားကို ဟန့်တားသောအရာသည် သက်မဲ့ငွေစက္ကူ များဆိုလျှင် ထိုငွေစက္ကူများကို ငယ့်အသက်လေးနှစ်ကတည်းက အမုန်းကြီး မုန်းသွားခဲ့ သည်။ မေမေမြတ်တို့အသိုင်းအ၀ိုင်းမှာ သားသမီးဆိုတာလည်းအဆောင်အယောင်တစ်မျိုး။ ကလေးမရနိုင်သော မေမေမြတ်အတွက် ညီမ၀မ်းကွဲသမီး တူမဖြစ်သူကိုမွေးစား၊ တံဆိပ် ပြောင်းကပ်လိုက်ခြင်းက အရှုပ်အရှင်းအကင်းဆုံးလေ။ နာတာရှည်ရောဂါဝေဒနာရှင် ညီမ ယောင်္ကျားနှင့် ငွေရှာခြင်းပါရမီနည်းသော ညီမပါးစပ်ကို တစ်လစာ ငွေကြေးအလုံအ လောက်ဖြင့် ပိတ်ဆို့ထားလိုက်လျှင်….။ ပိရိသေသပ် ဟာကွက်မရှိသောတိုက်ကွက်ဟု ငယ်ဆိုချင်သည်။ ငယ်က ဇယားရှုပ်ချင်သော မေမေမြတ်ယောင်္ကျားကို တည်ငြိမ်စေဖို့ သံယောဇဉ် အနှောင်အဖွဲ့လည်းဖြစ်သေးသည်။
“ ဦးဖေ စောစောပြန်ခဲ့နော်။ ငယ်လေးက ဦးဖေနဲ့ညနေစာတူတူစာဖို့စောင့်နေမှာ။ ”
“ ပိတ်ရက်ကျရင် ငယ်လေးကို ကစားကွင်းလိုက်ပို့နော်။ ဦးဖေအပြင်မသွားရဘူး။ ”
နောက်ကွယ်က မေမေမြတ်၏ သင်ပေးမှုများ။ မိဝေးဖတကွဲ ငယ့် ဘ၀ကတော့…..။ “ လူ ” ဟုခေါ်တွင်သော လူသားတို့၏အတ္တများ။ ဂုဏ်ပကာသနအတွက် ရွေးချယ်ခဲ့သော ငယ့် အတွက် မေမေမြတ် နွေးထွေးမှုက ရှားပါးကုန်လို။ ထိုရက်များမှာ သူမပြန်လာအခေါ်ကို စောင့်နေခဲ့သည်။ သူမများ ငယ့်ဆီ ရောက်လို့လာမလား မျှော်ခဲ့သော်လည်း အချည်းနှီး သာ။ သူမ မလာမှတော့ သူမရှိရာအရောက်သွားရမည်။ ငယ်မှမနေနိုင်တာ။ သူမကို သတိ ရသည်။ လေးနှစ်အရွယ်ကလေးသေးသေးလေး၏ ဦးဏှောက်သေးသေးလေးနှင့် မေမေ မြတ်အရိပ်အောက်မှလွတ်ရန် ပထမအကြိမ်ထွက်ပြေးတော့ မြင့်မားသောတံတိုင်းအပြင် ဘက်တောင်မကျော်နိုင်ခဲ့။
ငယ့် အသက်ဆယ့်လေးနှစ်။ ငယ့်ရပ်ကွက်သေးသေးလေးဆီပြန်မည်။ သိုက်အမြုံလေးမှာ လုံခြုံစေမည်။ ကစားစရာအသစ်၊ ဂိမ်းစက်အသစ်၊ အ၀တ်သစ် အသစ်တို့မလိုပါ။ ငှက်မွေး တစလို ပေါ့ပါးနေသော ငယ့်အတွေးများသည် မေမေမြတ်၏ကားအကောင်းစားကြီးရယ်၊ သူမ လှမ်းယူနေသော ငယ် မုန်းသည့်သက်မဲ့များရယ်
“ ညည်းတို့အေ..ငါ့မှာငွေတွင်းရှိတယ်မှတ်နေလား။ လစဉ်လုံလောက်တဲ့     ဆေးဖိုးနဲ့အသုံးစ ရိတ်ပေးပြီးပြီပဲ။ ငွေလိုတိုင်းဖုန်းမဆက်ကြနဲ့ အေ..”
“ ငါ့မှာညည်းတို့သမီးအပြင် ညည်းတို့ကိုပါ မွေးစားသလိုဖြစ်နေပြီ။ ”
မေမေမြတ်စကားအဆုံးမှာ ငယ့်အိပ်မက်လေးလည်းကျကွဲသွားတော့သည်။ အချိန်အတော် ကြာ ဦးတည်ရာမဲ့ လေလွင့်နေခဲ့သည်။ မှောင်ရိပ်သန်းလာတော့ ကြောက်စိတ်ဝင်လာသည် ။ မခိုလှုံချင်သော်လည်း ရွေးချယ်စရာကမရှိ။ လွတ်မြောက်လိုသော်လည်း ဝေးဝေးမပြေး နိုင်။ ငယ်ပျောက်သွားသော်လည်း စိုးရိမ်မည့်သူ၊ စိတ်ပူမိသူမရှိ။ ဦးဖေက အလုပ်မှပြန်မ လာသေး။ မေမေမြတ်က ငယ်တို့ရပ်ကွက်မှပြန်လာပြီး အခန်းထဲမှာရုပ်ရှင်ကြည့်နေသည်။
 “ ဟယ်..ခုမှပြန်လာရလား။ ဆာနေမှာပေါ့။ နေရောကောင်းရဲ့လား။ ” ပူပန်ပေးမည့်သူမရှိ။ ငယ့်တိုးတိုးဖော်က ဒိုင်ယာရီစာအုပ်လေးဖြစ်လာခဲ့သည်။
သူမ။ ငယ့်မေမေ။ စာတစ်လုံးချင်းစီက မြှားအစင်းတစ်ရာကဲ့သို့ သူမအသည်းကိုမွှန်းနေ လေသလား။ သက်ပြင်းချသံလည်း ကြားရသည်။ အုံ့မှိုင်းနေသော သူမမျက်နှာကိုလည်း မြင်နေရသည်။
ငယ့်အသည်းလည်း ဓားထက်ထက်နှင့်ွှန်းသလို နာကျင်ခဲ့ပါသည်။ ဘ၀မှာ ကောင်း ကောင်း ရပ်တည်ဖို့ကိုလည်းစွှန့်လွှတ်ခဲ့သည်။ ငယ်ရေစုန်မျောခဲ့တာလည်း တလျှောက် လုံးပင်။ မေမေမြတ်၏ဆယ်တန်း၌ ဂုဏ်ထူးဖြင့်အောင်ရမည်ဟူသော အမိန့်ကိုလည်း မနာခံ ဆန့်ကျင်ခဲ့သည်။ ငယ်စာတော်ခြင်းသည်လည်း မေမေမြတ်တို့ ဂုဏ်ဒြပ်တစ်ရစ် တက်လာ ခြင်းသာ လိုရင်းဖြစ်သည်။ ငယ်ဆိုးခဲ့သည်။ မိုင်ကုန်ဆိုးခဲ့သည်။ ငယ်လိမ္မာသရွေ့ ငယ့်ကို မက်မောနေလိမ့်မည်။ ငယ့်ကိုလက်မလွှတ်နိုင်ဖြစ်လိမ့်မည်။ ငယ်ဆိုးမှ၊ အသုံးမကျမှ၊ မေမေ မြတ်အသရေညှိုးနွမ်းစေမှ ငယ့်ကိုမောင်းထုတ်လိမ့်မည်။ နှင်ထုတ်လိမ့်မည်။ ဟုတ်သည်။ စာတော်၍ဆုရနေလျှင်ကျေနပ်နေအုံးမည်။ ဘာသာစုံကျ၍ အုပ်ထိန်းသူခေါ်လာဆိုလျှင် မေမေမြတ်အရှက်ရမည်။ ငယ့်ကိုဆူလည်း ဂရုမစိုက်။ ရိုက်လည်းမဖြုံ။ ဆယ်တန်းနှစ်စမှာ တော့ မူးယစ်ဆေးပင်သုံးလိုက်သေးသည်။ ဆွေ့ဆွေ့ခုန်နေသည့်မေမေမြတ်ကိုမြင်ရတာ အရသာရှိလွန်းသည်။ ကိုယ်တိုင် လောင်ကျွမ်းခံပြီး သူတပါးကိုလည်းပူလောင်စေခြင်းသည် မိုက်မဲလွန်းသည်။ သိသော်လည်း ငယ် နောက်မဆုတ်ခဲ့။ ဆရာမအိမ်ခေါ်သင်၊ ဂိုက်အချိန် ပြည့်ငှား ငွေလမ်းခင်းခဲ့၍ အောင်မှတ်စွန်းစွန်းနှင့် ငယ်ဆယ်တန်းအောင်ခဲ့သည်။ 
မေမေမြတ် ကတော့ ငယ့်ကိုမချစ်သော်လည်း အောင့်ကာနမ်းနေဆဲ။ မနှစ်မြို့ သော်လည်း ပတ်ဝန်းကျင်မှထိုးလာမည့် လက်ညှိုးများကို ပိုဂရုစိုက်ဆဲ။ မိန်းခလေးကျောင်းမှာ တက်ခဲ့ရ သည့်ငယ်သည် ယောင်္ကျားလေးများနှင့်ထိတွေ့ခွင့်မရခဲ့။ တက္ကသိုလ်ပထမနှစ်မှာ ငယ်ရည်း စားထားတတ်လာသည်။ တပြိုင်နက်တည်း နှစ်ယောက်၊သုံးယောက်ပြိုင်တူထားသည်။ အတန်းမတက်ဘဲ ရုပ်ရှင်ရုံသွားသည်။ ရှော့ပင်းမောလ်သွားသည်။ ကလပ်တက်သည်။ ပိုက်ဆံခဏခဏတောင်းသည်။ မပေးလျှင်ခိုးသည်။ မြင်သူကမြင်၊ တိုင်သူကတိုင်လျှင် “ အိမ်ပေါ်ကနှင်ချလိုက်လေ” မျက်တောင်မခတ်ဘဲ မေမေမြတ်ကိုခွန်းတုံ့ပြန်သည်။ ငယ်သာ မေမေမြတ်ဆိုလျှင် ငယ့်ကို ညီမ၀မ်းကွဲဖြစ်သူ ငယ့်မေမေဆီ ပြန်အပ်လိုက်ပြီ။
“ မြတ်မလဲ အတိတ်ဝဋ်ကြွေးက ကြီးတာကိုး။ ၀မ်းမနာသမီးကို နှင်ချဖို့လဲ သူများအတင်းဆိုမှာစိုး၊ တနေ့တနေ့ အဲကောင်မလေးကလည်း မိုက်ရိုင်းလာ…”
မေမေမြတ် မိတ်ဆွေတချို့ က ဂရုဏာသက်စွာဆိုကြသည်။
မေမေမြတ်ဝဋ်ကြွေးကြီးသလို ငယ့်ဝဋ်ကြွေးလည်း မနည်းခဲ့ချေ။
“ ငယ် သမီးရယ် ခုတော့သမီးဝဋ်ကြွေးတွေလဲကုန်ပါပြီ။ သမီးကိုမေမေလဲအနားမှာခေါ် ထားချင်ခဲ့တာပေါ့။ ဒါပေမဲ့သမီးသိရဲ့လား။ မေမေတို့နဲ့ဆိုငါ့သမီးလေးချို့ ငဲ့နေမှာပေါ့။ သမီးမသိအောင် တိတ်တိတ်လေး အဝေးကခိုးငေးခဲ့တာ၊ သမီးကိုလွမ်းလွန်းလို့ ညညငိုခဲ့တာတွေ။ သမီးရယ်…မေမေရင်ကွဲခံပြီး ငါ့သမီးကိုပင့်တင်ပေးခဲ့တာ …ဒီလိုတွေ  ဖြစ်မယ်မှန်းသာ..ကြိုသိခဲ့ရင်…”
အို..။ သူမငိုနေပါလား။ ငယ့်ကြောင့်တော့ သူမကိုမငိုစေချင်။ သူမငိုလျှင် ငယ်လည်းငိုချင် သည်။ သူမကိုနှစ်သိမ့်ပေးလိုက်မည်။
“ မေမေ ”
ငယ်လှိုက်လှိုက်လှဲလှဲရွတ်ခေါ်ပြီး ပြေးဝင်သွားသည်။ သူမကလှည့်မကြည့်။ ငယ့်ကိုစိတ်ခု နေတုန်းလား။
သူမအနားနား တစစတိုးပြီး သူမကိုချော့ရန်ဟန်ပြင်ရုံရှိသေး။ အရိပ်တစ်ရိပ်က ထိုးကျလာ သည်။ ဖျတ်ခနဲလှည့်ကြည့်တော့ … ဟင်..။ မျက်နှာချင်းဆိုင်အခန်းဝမှာ မေမေမြတ်။ ငယ် တိုင်ကွယ်နောက် ဖတ်ခနဲပြေးပုန်းလိုက်သည်။ ငယ်တို့နှစ်ယောက်ကို တွဲမြင်သွားလို့မဖြစ်။ ငယ်တို့ကို ပေါင်းစည်းစေမှာမဟုတ်။ “ ၀င်မလာနဲ့ ပြန်လှည့်သွား ” ငယ် အခါခါဆုတောင်းသော်လည်း မေမေမြတ်သည်လျှောက်လှမ်းလို့လာချေပြီ။
“ မျက်ရည်တွေသုတ်လိုက်ပါတော့ငါ့ညီမရယ်။ ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီပဲ။ နံနက်စောစော
လည်းဆွမ်းထကပ်ရအုံးမှာမဟုတ်လား။ ငယ်လေးလည်း ခုလောက်ဆိုအေးချမ်းရာနေရာ တစ်ခုမှာ ပျော်မွေ့နေလောက်ပါပြီ။ ”
“ ငယ်ဘာဖြစ်လို့လဲ မေမေမြတ်။ ငယ်နားလည်အောင် ရှင်းပြကြပါအုံး။ ”
အာခေါင်ခြစ်ပြီးအော်သော်လည်း နှစ်ယောက်လုံး တုတ်တုတ်မျှမလှုပ်။
" မမြတ်ရယ်...ငယ်လေးတကယ်ရောအေးချမ်းနေပါ့မလား။ ဘယ်လိုနတ်ဆိုးတွေကများ ငယ်လေးကို ၀ရန်တာကခုန်ချစေဖို့ တွန်းစေခဲ့သလဲ။ ”
ဝရံတာမှခုန်ချသည်။ အို ... ငယ့်အပေါ်အထင်လွဲနေကြပါတကား။ ငယ်ဆိုးခဲ့သော်လည်း အသိဥာဏ်မဲ့လမ်းမျိုးဘယ်တော့မှ ရွေးချယ်လိမ့်မည်မဟုတ်။ ထိုနေ့က တနင်္ဂနွေနေ့ည။ ည တစ်နာရီလောက် ငယ်တစ်ရေးနိုးတော့ ၀ရံတာဘက်ထွက်လာခဲ့သည်။ လမင်းကြီးကိုငေး မည်။ ကြယ်ပွင့်လေးများနှင့် စကားပြောမည်။ သို့သော် မထင်မှတ်ဘဲ သူမကို ငယ် လှမ်းမြင် လိုက်သည်။ သူမရယ်။ ငယ်တို့ခြံထဲ ၀င်မလိုဟန်ပြင်ပြီးမှ လှည့်ထွက်သွားခဲ့သည်။ သူမ ကျောပြင်ကိုငေးကြည့်လျက် ငယ် ခုလိုမျိုး အာခေါင်ခြစ်ပြီးအော်သော်လည်း သူမလှည့်မ ကြည့်။ တဒင်္ဂအတွင်း ငယ်တွေးလိုက်သည်။ သူမနောက် မှီအောင်ပြေးလိုက်ရန် ခြံဝင်းတံ ခါးသို့ မရောက်ခင် လှေခါးထစ်အတိုင်းပြေးဆင်းပြီး အိမ်အ၀င်တံခါးဆီသွားရမည်။ ၀ုန်းဝုန်း ဒိုင်းဒိုင်းသွက်သွက်ပြေးလျှင်လည်း မေမေမြတ်နိုးသွားမှဖြင့်။ ထိုခဏ၌ ငယ် ဆုံးဖြတ်လိုက် သည်။ ၀ရံတာညာဘက် ပေါ်တီကိုအမိုးဘေး တိုင်လုံးမှတဆင့် ဆင်းလျှင်။ သို့သော်ငယ် မေ့လျော့ခဲ့သည်က ညဦးပိုင်းက သည်းသည်းထန်ထန် မိုးရွာထားခဲ့သည်ကိုပင်။
ထို့နောက်တော့ ငယ်…ငယ်…။
ရင်ငြိမ်းသူ(မော်လမြိုင်)
2.10.213(WED)
10:30 PM
                                                                                             [ Jan 2014  စုံနံ့သာ မဂ္ဂဇင်း ]
3 comments:
  1. ရင်ငြိမ်းရေ..ရောက်ခဲ့ပါတယ်၊ ပို့စ်လေးလဲ ဖတ်သွားခဲ့ပါရဲ့နော် :)
    ReplyDelete
    Replies
    1. အလည်ရောက်လာလို့ ကျေးဇူး အမ :)
      Delete
  2. စာရေးကောင်းတဲ့ ညီမလေး..
    ဖတ်လိုက်ရတာ ကျေနပ်သွားတယ်။ကျေးဇူး။
    လာလည်သွားတာလည်း ကျေးဇူး.ပါ။
    ReplyDelete