-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;
Saturday, 20 September 2014
မျက်ရည်၊ အပြုံး သင်ပုန်းကြီးဖတ်စာ
 (၁)
“ သူ .. ”
အနားနား ကပ်ပြီး ကိုယ့်ကို ခေါ်သံလေးက တကယ့်ကို တိုးတိုးလေး။ သို့ပေမဲ့ ဗုံးတစ်လုံးအား၏ ပြင်းပြမှုထက် မာသည်။
မျက်လုံးတွေလည်း ပြူသွားသည်။ မျက်ခုံးများလည်း ပင့်လိုက်သေးသည်။ နှုတ်ခမ်းထောင့်ချိုးများ ကွေးတက်သွားသည်လည်း မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ သည်လောက်တော့ သိသင့်သည်။ နားလည်သင့်သည်။ မမှားသင့်။ ထိုထိုအရောင်စုံများ လည်း မျက်ဝန်း၌ဖြတ်ပြေးသွားလိုက်သေးသည်။
သူမ ၀ါကျဆုံးတော့ ကိုယ်တစ်ခွန်းပဲပြောလိုက်သည်။
“ အိုကေ ပြင်လိုက်ပါ့မယ် … ”
ဟုတ်သည်လေ။ မှားနေသည်ဆို။ ပြင်ရမှာပဲလေ။ မမှီလိုက်သည့်သုံးနှစ်ကျော်က ပရောဂျက်၏ အနေအထားတွေအတွက် အမှား အယွင်းက မလွဲမသွေရှိချေမည်။ ကောင်းမွန်စွာ စေတနာဖြင့် အမှားကို ပြင်စေတတ်သည်မျိုး ဘ၀မှာ မသင်ခဲ့ရဖူးဘူးထင်ပ။ သူမ ကိုယ်တိုင်ရော အမှားအယွင်း ကင်းစင်ပါလေသလား။
ကိုယ် လေပူကိုသာ မှုတ်လိုက်သည်။
(၂)
“ မဟုတ်ဘူး … ဒီလိုမဟုတ်ဘူး… ”
“ ငါရှင်းပြမယ် နားထောင် ”
ဘေးစားပွဲမို့ အသံတွေက ပြတ်သားသည်။ ရှင်းလင်းသည်။ စကားလုံးတွေမှ စိတ်ခံစားမှု အနိမ့်အမြင့်၊ အတိမ်အနက်တွေထိ ခန့်မှန်းမိသည်။ အရှင်းပြခံရသူ၏ မျက်နှာကိုငဲ့မကြည့်လည်း မအီမလည်ဆိုတာ သေချာသည်။
အရှင်းပြခံနေရသူက ကိုယ်တို့ဌာန၏ ကိုယ်တို့ထက် စီနီယာကျသူ တစ်ယောက်ပင်။ မည်မျှပင် လုပ်ငန်းကျွမ်းကျင်စေကာမူ ဟို ခုနစ်ဆွေး ရှစ်ဆွေးမှ မသိမမှီလိုက်သည်များကို စာရင်းချုပ်ဆုံးဖြတ်သည့်အခါ အချိတ်အဆက် အလွဲအမှား နည်းနည်းတော့ရှိ မှာပင်လေ။ သူမကတော့ ခုနစ်ဆွေး ရှစ်ဆွေးမက သည်နေရာမှာ ရှိနေခဲ့သူကိုး။
တစ်ခွန်းကြားလိုက်သေးသည်။
“ Contract Dept လုပ်သမျှ ငွေစာရင်းက ကောက်သင်းကောက်နေရဆိုပဲ။ ”
နေရာတိုင်း သူ့ အခက်အခဲ၊ ပညာရပ်ကျယ်ဝန်းမှု သူ့အတိုင်းအတာနှင့်သူရှိသည်ကို သူမ မေ့နေလေသလား။
မည်သို့ဆိုစေ တစ်ဦးကိုတစ်ဦးလေးစားသင့်သည် မဟုတ်ပါလား။
(၃)
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ အားလုံး၏ ကွန်ပြူတာဖန်သားပြင်မှာ တူညီသော အီးမေးလ်ကို ဖွင့်ထားကြ သည်။ သူမဆီက alert email ဖြစ်သည်လေ။ သူဌေး၊ မန်နေဂျာအားလုံးကို ကော်ပီတွဲထားသည်။ 
“ Contract Dept က အချိန်မီစာရင်းတွေ မပို့နိုင်လို့ သူတို့ငွေစာရင်း timing တွေ အောက်ရသည်ဆိုပဲ။ ”
ငွေစာရင်းဌာနမှာ လူလေးယောက်ရှိသည်။ ကျန်သုံးယောက်က ပြေပြစ်သဘောကောင်းကြပြီး သူမတစ်ဦးသာ။ သူမတို့ မန်နေဂျာတောင် သူမလောက်မဆိုးသေး။ အချိန်မည်မျှကြာအောင် သည်ဒဏ်တွေခံရအုံးပ။
(၄)
“ ဟင် … ”
“ တကယ်ကြီးလား … ”
“ ထင်မထားဘူးနော် … ”
အာမေဋိတ်စကားလုံးတွေ ကိုယ်စီ ကိုယ်စီ နှုတ်ဖျားမှ ထွက်ကျကုန်သည်။
(၅)
“ အမှတ်တရ ကဒ်လား ”
“ တို့ဌာနရဲ့ လက်ဆောင်နဲ့အတူ တို့တွေလက်မှတ်ဘေးမှာ အမှတ်တရစကား သူမအတွက်ရေးကြတာပေါ့။ ”
“ ဘယ်လိုမျိုးလဲ”
“ ဒီမှာလေ ဒီတစ်ယောက်ဆို လက်မှတ်ဘေးမှာ all the best တဲ့။ ဒီမှာက အသဲပုံလေးတွေ။ ဟော … ဒီမှာက ပန်းပင် ပုံလေးတွေ မြင်လား … ”
“ အွန် …  with love ဆိုတာက ပါသေး ”
တချို့တွေ ပြုံးကာ လက်ဆွဲနှုတ်ဆက်ကြသည်။ ပိုကောင်းပိုမြင့်သော နေရာကို ထွက်ခွာသွားမည့်သူမအတွက် ဂုဏ်ယူဝမ်းသာ ပြုံးတွေ။ တချို့တွေ မျက်ရည်စို့ကြသည်။ အတူလက်တွဲလုပ်ကိုင်သူ လုပ်ဖော်ကိုင်ဖက်အတွက် ခွဲခွာခြင်းဝမ်းနည်းမှုတွေ။
ထိုအပြုံး၊ ထိုမျက်ရည်တွေ စစ်သလား၊ တုသလား ကာယကံရှင်သူတို့သာလျှင် အသိဆုံးဖြစ်မှာပါလေ။
ရင်ငြိမ်းသူ
၂၁.၉.၂၀၁၄(တနင်္ဂနွေ)
၁၂း၀၀ နေ့လယ်ခင်း
Tuesday, 9 September 2014
ပုံပြင်ပြောသူ
အဲ့နာရီ အနီလေးပေါ့။ တနလာင်္ ကနေ သောကြာ မနက်တိုင်း ခြောက်နာရီခွဲဆို အသံမြည်ပြီ။ သူမြည်တိုင်း ထစရာလား။ မြည်ပေါ့။ ပြန်ပိတ်ပြီး ပြန်အိပ်တော့ရော ... ဘာဖြစ်သေးလဲ။ ညအိပ်ခါနီးတိုင်းတော့ စောစော အိပ်ပြီး စောစောထမယ်လို့ မုဒ်သွင်းပါတယ်။ အိပ်ချိန်က ၁၂ခွဲထက် ဘယ်တော့မှ မစော။ မနက်ခင်း အသံ မြည်တိုင်းမှာတော့ .....
ခြောက်နာရီခွဲကနေ ခြောက်နာရီလေးဆယ့်ငါးကို ပထမရွှေ့တယ်။ ဒုတိယ ခုနစ်နာရီကို ထပ်ရွှေ့တယ်။ တကယ်တမ်းက ခုနစ်နာရီဆယ်မိနစ်မှထတာ။ ဆက်အိပ်လို့လည်း မဖြစ်တော့ဘူးလေ။
အိမ်ရှေ့ကနေ ဘတ်စ်ကားမှတ်တိုင်ဆီအသွား လမ်းလေးပေါ့။ " ပုဏ္ဍရိတ်လမ်းလေး " လို့နာမည်ပေးထား တယ်။ ငေးရင်း တွေးရင်း တစ်လှမ်းချင်းလှမ်းတော့ အိမ်ရှေ့လမ်းတစ်လမ်းသာခြားတဲ့ ဟိုဘက်က မှတ်တိုင် မှာရပ်တဲ့ ဘတ်စ်ကားအမြဲလွတ်တယ်။
အလုပ်ရောက်ရင် ပထမဆုံးတွေးတာက ၁၂း၁၅ ရောက်ဖို့ဘယ်လောက်လိုသေးလဲလို့။ ၁၂း၁၅ ဆို ထမင်း စားချိန်ရောက်ပြီလေ။
အလုပ်တွေများပြီး စိတ်တွေသိပ်ရှုပ်လာရင်တော့ အောက်ကပုံလေးထဲက အိမ်သာထဲသွားထိုင်နေလိုက်တာ ပဲ။ စီစီတီဗွီအလွတ်ဆုံးက အဲ့တစ်နေရာပဲရှိတာကိုးလို့။ ဖုန်းလေးကတော့ မသိမသာ အိတ်ကပ်ထဲပါပြီး သား။ ဒါမှ ဖဘလေးဘာလေး ပွတ်နိုင်မှာပေါ့လို့။
ဒီမြင်ကွင်းလေးက မြင်သာမြင်ပြီး မကြင်ရဆိုသလို တံခါးလည်းသော့မခတ်ထားပါပဲ အဝေးကြည့်လေး နဲ့ ကျေနပ်နေရတဲ့ ထမင်းစားခန်းအပြင်ဘက်က မြင်ကွင်းလေးပေါ့။
အလုပ်တွေက အဲလိုပဲ လျော့သွားတယ်မရှိဘူး။ ဘယ်တော့မှလည်း ပြီးအောင်မလုပ်ဘူး။ အလုပ်ချိန်ကုန် ရင် ထားပြီးပြန်တာပဲ။ နောက်နေ့တွေရှိသေးတာပဲလို့။ မသေမချင်းလုပ်ရမယ့်ဟာ။ အလျင်မလိုပါဘူး။
အမှန်တော့ ၀တ္ထုရှည် စ-ဆုံး ရေးပြီးတင်မလို့ပါ။ နိဒါန်း၊ နိဂုံးပြီးပြီး အလယ်ပျောက်နေတော့ အချိန်တွေ ရှိ သေးတာပဲလေနော်။ နော်လို့။
၁၀:၅၀ (အင်္ဂါ)
၉.၉.၂၀၁၄
Wednesday, 27 August 2014
အမှတ်တရများကို လိမ်းခြယ်သိမ်းထားလိုသော ဘလော့ဒေး
ပြတင်းခန်းဆီးကို အသာလှပ်ဖယ်ကာ လှမ်းငေးလိုက်လျှင် လူတစ်စုသည် ကိုယ်နားမလည်သော တေးသွား သံစဉ်များနှင့် မြူးထူးနေသည်ကို မြင်တွေ့ရမည်။ “ ၀ိုင် ” ရယ်လို့ ယူဆရသည့် ဖန်ခွက်များကိုလည်း ကိုင်  မြှောက်ပြီး တဟားဟား အော်ရယ်လျက်ရှိကြသည်။ ကိုယ် ခန်းဆီးကို ဆွဲပိတ်လိုက်သည်။ 
ဟော … အာရုံကို အိပ်ခန်းဆီ ရွှေ့လိုက်သည့်အခါ တံးခါးတစ်ချပ်သာခြားသည့် ဟိုမှာဘက် ကိုယ့်အိမ် အတွင်းမှာပင် “ ချစ်တုံးလေး ” “ သဲတုန်းလေး ” ဟူသည့် တီတီတာတာ ချော့မြူ သံများ၊ တစ်ယောက်နှင့် တစ်ယောက် တွတ်ထိုးကာ တီးတိုးစကားသံများ။
တကယ်ဆို ကိုယ်လည်း လက်ကိုင်တံခါးလှည့်ပြီး ပြေးထွက် အတူစီးမျောလိုက်ပါတော့လား။ သူစိမ်းတွေမှ မဟုတ်တာလေ။ အဒေါ်ရယ်၊ အစ်ကိုဝမ်းကွဲမှ မွေးသည့် တူလေးရယ်ကို။
ကိုယ် … အထီးကျန်နေလေသလား။ ထိုခံစားချက်မျိုးမဟုတ်တာတော့ သေချာသည်။ ရောရောနှောနှော မဆက်ထွေးချင်သည်မှာ သံယောဇဉ်မရှိလို့ မဟုတ်။ နဂိုဗီဇပင်။
ကိုယ့်လက်တွေက ခုလိုမျိုး ကွန်ပျူ တာ ကီးဘုတ်ပေါ် တဂျောင်းဂျောင်းပြေးပြီး စိတ်ကူးဖြန့်၊ အတွေးတွေ သီကုံးလို့သာနေချင်သည်။
မှတ်မိသေးသည်။
ဆယ်တန်းအောင်ပြီးစ တက္ကသိုလ် မဖွင့်ခင်ရက်တွေမှာ စာအုပ်တွေချည်း လှိမ့်ဖတ်နေတာ။ လူငယ်ဖြစ်ပြီး သွက်သွက်လက်လက် ချက်ချက်ချာချာ ထက်ထက်မြက်မြက် အပြင်ဗဟုသုတမရှာ ဟူသည့် မေမေ့ အပြစ် သံကို လျစ်လျူ ရှု၊ စာဖတ်မပျက်ခဲ့တာ။ ဆွေမျိုး၊ သူငယ်ချင်းတွေကိုလည်း စာတွေဖတ်နေရလျှင်ပျော်သည်၊ ကိုယ့်ခံစားချက်တွေကိုလည်း ထိုသို့ဖော်ပြချင်သည်၊ တိတိပပ ၀န်မခံခဲ့ဖူး။ အရိပ်အမြွက်လောက် စာရေးသူ ဘ၀ကို မက်မောကြောင်းလောက်သာ လှစ်ပြခဲ့ဖူးသည်။ လိုလိုလားလား အားတက်သရော မမြင်ရတော့ လည်း တဖန် ပြန်လည်ခေါင်းလျှိုသွားသည်ထင်ပ။ ၀တ္ထုလို့ ဆိုနိုင်လောက်သည့်  စာမျိုးနှစ်ပုဒ်၊ သုံးပုဒ် ရယ် တော့ ရေးပြီး သိမ်းထားခဲ့ဖူး။ ကျောင်းတွေဖွင့်တော့  ပညာရေးသည်သာလျှင်အဓိက ဟူသည့် မေမေ့စကား အတိုင်း အတန်းမှန်မှန်တက်၊ စာမှန်မှန်ကျက်၊ ကြိုးစားရင်း အိပ်မက်ရောင်စုံလေး တို့သည်လည်း မှိန်ဖျော့ သွားခဲ့လေသည်။ သို့ပေမဲ့ ထိုအတွက်လည်း မည်သူ့ကိုမျှအပြစ်မတင်ပါ။
ဘ၀အသက်မွေးဝမ်းကျောင်းအတွက် ခိုင်မာသည့် အလုပ်အကိုင်တစ်ခုနှင့် မိဘကျေးဇူးကို ဆပ်ခွင့်ရစေ ခဲ့လို့လည်း မည်သို့ဆိုစေ ကျေနပ်ပါသည်။ အင်တာနက်ကောင်းသည့် အခြေအနေ၊ အချိန်အခါနှင့် ကြုံကြိုက်လာသည့်ခါ ဘလော့အတော်များများကို အလည်ရောက်မိသည်။ ဖတ်မိသည်။ သဘောကျ သည်။ နှစ်သက်သည်။ ခြေရာလေး တွေ မချန်ရစ်ခဲ့လည်း အမြဲလိုလို တကူးတကသွားဖတ်သည်။ အားကျ သည်။ ကိုယ်လည်းရေးချင်လာသည်။ သို့သော် ခြေလှမ်းမစသေး။ ဘလော့တွေလည်လိုက်၊ သဘောတွေ ကျလိုက် လုံးလည်လိုက်ရင်း အွန်လိုင်း မှာခင်မိသည့် အစ်မတစ်ယောက်ကတစ်ဆင့် အွန်လိုင်းမဂ္ဂဇင်း တစ်စောင်ဆီ ပို့ကြည့်သည်။ ဖြည်းဖြည်းချင်း တရွေ့ရွေ့ရေးရင်း မဂ္ဂဇင်းအသစ်တစ်စောင်၏ ကလောင်သစ် ကဏ္ဍကို စမ်းပို့သည်။
ဘလော့လေးရှိလျှင်ကောင်းမှာပဲဟု တွေးနေငြား မလှုပ်သေး။ ထိုချိန် အွန်လိုင်းမှ တဆင့် ဘလော့ဂါ အစ်မတစ်ယောက်နှင့် ထပ်ခင်မိပြန်သည်။ အမှန်တော့ သူက နည်းပညာပိုင်းမှာအကျွမ်းတ၀င်ရှိသူ။ ဘလော့လေးလုပ်ပေးပါလားလို့ အကူအညီမတောင်းဖြစ်။ ယခုဘလော့လေးကို အဲ့အစ်မက လက်ဆောင် ပေးသည့်အချိန် ခံစားမှုကို ပြန်တွေးတိုင်း ကြည်နူးသွားမြဲ။ တောင်းဆိုခဲ့လို့ မဟုတ်ပါဘဲ၊ လိုချင်ပါသည်မပူ ဆာဘဲ၊ လုပ်ပေးမည်ဟု အသိမပေးသေးပါဘဲ၊ ရေးထားတာလေးတွေကိုမေးလ်ပို့ခိုင်းပြီး အကြောင်းရင်းလည်းမပြောပါဘဲ၊ နောက်ဆုံးမှ ဘလော့မေးလ်နှင့် စကားဝှက်ကို ပို့ပေးသည့် အဲ့အစ်မကို အရမ်းလည်း ခင်သလို ခုစာရေးရင်းတောင် တအားလွမ်းမိသည်။ [ မတွေ့ရတာ ကြာနေပြီကိုး.. ] [ စာအရေးကောင်းသလို စိတ်ရှင်းသည့် ဘလော့ဂါစာရေးဆရာမ အစ်မ မဂျွန်မိုး … ဒီမှာသတိရနေပါသည်။ ]
ဘလော့လေးရပြီး စာအရေးကျဲ၊ ခြောက်ကပ်ကပ်အိမ်လေးဆီ လာလည်ကြသည့် တီတင့်မဆွေလေးမွန်အစ်မကြည်ဖြူ၊အစ်မထရေဇာ [ခုတလော ဖဘမှာလည်း မမြင်မိ]၊ အစ်မစံပယ်ချို၊အစ်မညိုလေးနေ မဗေဒါ အစ်မသဒ္ဓါလှိုင်း တခြား တခြားသော silent readers အားလုံးကို ကျေးဇူးတင်ပါသည်။
မဆုံးနိုင်သည့် လောဘတွေ၊ လိုအင်တွေနှင့် လုံးထွေးသည့်အခိုက် ဘလော့လေးကို ပစ်ထားမိသော်ငြား၊ ပြန်လည်ခိုဝင်လိုက်သည့်ခဏ နွေးထွေးမှုတွေ၊ စိတ်ပျော်မှုတွေက အရောင်ဖျော့မသွား။
စာထဲကနေ ကိုယ့်ပုံရိပ်ကို ရှာဖွေရတာတော့ တော်တော်လေး ခုံမင်မိသည့်အတွက် ဆက်ရေးဖြစ်နေပါ အုံးမည် …။ ကျော်ကြားမှုအတွက်၊ ထင်ပေါ်မှုအတွက် တနည်း ခုတုံးမဟုတ်ဘဲ ရေးဖြစ်နေပါအုံးမည်။
ဘလော့ခေတ်ဦးကို မမှီခဲ့သလို ခေတ်လယ်ကာလတွေကို မသိခဲ့သော်လည်း ဘလော့ရေးသူ စာချစ် သူ မောင်နှမတွေကို ခင်မင်လေးစားသည့် စိတ်ကလေးနှင့် ယခုပိုစ့်လေးကို အမှတ်တရရေးသားပါသည်။ တနည်း ကိုယ့်အမှတ်တရများကို ဘလော့ဒေးမှာ လိမ်းခြယ်သိမ်းထားလိုခြင်းလည်းပါသေးသည်။ 
အားလုံးသော ဘလော့ချစ်သူ မောင်နှမများ ဟက်ပီးဘလော့ဒေးပါရှင်။ 
ပုံလေးကိုတော့ ဂူဂယ်လ်မှ ယူသုံးပါသည်။
Wednesday, 30 July 2014
နွယ်ပင်လေးရဲ့ အလင်းရောင်
“ သတိရလိုက်တာ…။ ”
အလွမ်းလို့ ၀ံ့ဝံ့စားစားရင်မဖွင့်နိုင်တော့မှ မျိုသိပ်သိုဝှက်ထားသော ခံစားချက်ထုထည်တို့ စကားလုံး အ ဖြစ် နှုတ်ဖျားမှ ပွင့်အံထွက်ကျလာသည်က သတိရခြင်း။
ကောင်လေးရော…။ နွယ့်ကိုသတိရနေမလား။ နွယ်တို့နှစ်ဦးချင်းသာ သိနိုင်သည့် စိတ်ချင်းဆက်နွယ်မှု အရ ကောင်လေးလည်းနွယ့်ကို သတိရနေလိမ့်မည်ဟု ယုံကြည်သေချာနေသည်ဆိုပါလျှင် နွယ့်ကိုယ်နွယ် အထင်ကြီးလွန်းနေလေမလား။
ပင်လယ်ပြင်ကိုဖြတ်ပြေးတိုက်ခတ်လာသောလေအေးကြောင့် နွယ့်ဆံနွယ်များ လူးလွန့်နေသည်။ လေ အဝေ့မှာ လှိုင်းငယ်များက ကမ်းစပ်ဆီ ပြေးလားခစားကြသေးသည်။ သူရိန်နေ မင်းသည် မိုးကုတ်စက် ၀ိုင်းမေးဖျားမှာ ဖြည်းဖြည်းချင်းကိုယ်ယောင်ဖျောက်လို့နေချေပြီ။ ချမ်းစိမ့်စိမ့်လေအေး တို့ကြောင့် လက်ဖ ၀ါးနှစ်ဖက်ကို ပွတ်သပ်အနွေးဓာတ်ပေးရင်း အနွေး ထည်အိတ်ကပ်ထဲ ထိုးသွင်းလိုက်သည့်အခါ စမ်းမိ သည်က ဆင်းကဒ်အဟောင်းလေး။
ကောင်လေးဘက်က အသစ်ပြောင်းခဲ့ပြီးသော နွယ့်နံပါတ်ကိုမသိ၍ ဖုန်းမျက်နှာပြင်ကို ရှေ့  တိုးနောက် ငင်ရွှေ့ ရင်း ပူပန်စိုးရိမ်နေမည့် ကောင်လေးမျက်နှာလေးကို မှန်းဆမြင်ယောင်မိ သည့်အခါ နွယ်ကပဲ အရင် ကောင်လေးဆီ အသံလှိုင်းပို့ပေးနိုင်မည့် ကိန်းဂဏန်းတို့နှိပ်ရ လေမလား တွေးမိလိုက်သေးသည်။ အပြီးတိုင်ဖျက်ပစ်လိုက်သော နွယ့်မေးလ်ဟောင်းဆီ သို့ ပြတ်တောက်ခဲ့သည့် ကြိုးတစ်ချောင်း၏ ဆက်ထုံး များဖြစ်မလား မျှော်လင့်ချက်ဖြင့် စာ လွှာပါးတိုင်းလည်း သင်ပို့လိုသော လိပ်စာထံ သို့ မေးလ်ပို့ပေးနိုင်ခြင်း မရှိပါဟူသော ပြန်စာ များကို ငိုင်ငေးကြည့်ကာ မောလျနေမည့် ကောင်လေး၏သက်ပြင်းငွေ့များ ရှူ ရှိုက်မိ လိုက် သလိုလို။
ခုချိန်မှာ ကောင်လေးဘေးကနေ တိတ်တိတ်လေး ကိုယ်ယောင်ဖျောက် ရှောင်ပြေးခဲ့ပြီးမှ တော့ ကောင်လေးဘ၀လေးကို ထပ်ပြီးလှုပ်ခတ်မစေသင့်။ သူ့အနီးတ၀ိုက်မှာ ပျောက် ကွယ်နေခြင်း က၊ နွယ့်အ သံလေးဆိတ်နေခြင်းက ကောင်လေးကို တစစ တည်ငြိမ်သွား စေပါလိမ့်မည်။ ၀ဲယာနှစ်ဖက် မျက်ဆံရွှေ့ပြီး မျက်ဝန်းထောင့်၌ ထင်လာသည့် သစ်ကိုင်းခြောက်လေးကို ဖျတ်ခနဲဆွဲယူပြီး သဲမြေမွမွပေါ်မှာ ကောင်လေး နာမည်ကို ရေးထိုးလိုက်သည်။
“ လင်း…”
ငသတ်ကိုအဆုံးသတ်ရေးဆွဲပြီးချိန်မှာ နွယ့်နှလုံးသားလေးလည်း တုန်ရီလှုပ်ခါသွားရသည်။
@@@@@
“ အယ် ညပ် ..ညပ်..”
“ ဟယ် ဒီကလေးညပ်တော့မှာပဲ ”
အလန့်တကြား အာမေဋိတ်သံများနှင့်အတူ နွယ့်ဘယ်လက်သည် ရထားအ၀င်ဝသို့ မျက် နှာမူနေသော ကလေးငယ်၏ ညာလက်ကို ဖမ်းဆွဲလိုက်သည်နှင့်တပြိုက်နက် ကလေးငယ် ၏ဘယ်လက်ကို အခြား ညာလက်တစ်ဖက်ကလည်း ဆောင့်ဆွဲလိုက်သည်။ ထိုစက္ကန့်မျှ ခဏမှာ နွယ်တို့အကြည့်ချင်းဆုံမိကြသည်။
နေ့စဉ်လိုလို နံနက်ခင်းရုံးတက်ချိန်တိုင်း၊ ညနေခင်းအလုပ်ပြန်ချိန်တိုင်း၌ ရထားသည် ခြေ နှစ်ချောင်းစာနေ ရာအတွက်ပင် ခက်ခဲလှအောင် ကျပ်လွန်းလှသည်။ ဂိတ်စသုံးလေးဘူတာ ကတည်းက ပြည့်သိပ်လာသည် မှာ အလယ်ဘူတာလောက်မှ တက်သောနွယ်တို့ဖို့ သုံးစီး မြောက် လေးစီးမြောက်မှသာ ရထားထဲဝင်လို့ရ သည်မှာ ရိုးအီငြီးငွေ့ဖွယ် ဖြစ်စဉ်တစ်ခု။ ရထားသည် နှစ်မိနစ်ခြားတစ်ခါလာခြင်း၊ ဘတ်စ်ကားလိုမျိုး ယဉ်ကြောပိတ်ဆို့မှုမရှိသည့် အတွက် ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်တိကျခြင်းတို့ကြောင့်သာ စိတ်ကိုဆွဲ ဆန့်၍၊ အောင့် အည်းသည်းခံ၍ အခြားရွေးချယ်စရာဆီ ခြေဦးမလှည့်နိုင်ခြင်းဖြစ်သည်။
ခုလည်း ကပ်ကပ်သပ်သပ် ရထားအ၀င်ဝနေရာဆီ လှမ်းဝင်လာသော ကလေးငယ်သည် ဟန်ချက်မငြိမ် ခင်ရှေ့ သို့ပြိုအလဲ၊  အချိန်စေ၍ရထားတံခါးအပိတ် နွယ်တို့ အထိတ်တလန့် လှမ်းဆွဲလိုက်ခြင်း ဖြစ်သည်။ မတော်တံခါးညပ်သွားမှဖြင့်။ ထိုကလေးငယ်ကတော့
ရတယ်။ ကိစ္စမရှိဘူး။ ” တစ်ခွန်းပြောကာ သူ့အိုင်ပစ္စည်းမျက်နှာပြင်မှ မခွာတော့။
မနေနိုင်မထိုင်နိုင် အကဲပိုမိသော အစောကတစ်ယောက်နှင့်နွယ် အကြည့်ချင်းထပ်ဆုံမိကြ ပြန်သည်။
ရထားသည် တစ်ဘူတာရပ်လိုက်၊ ခရီးဆုံးသူက ဆင်းသွားလိုက်၊ ခရီးသည်အသစ်များက တက်လာလိုက်၊ လိုရာမရောက်သေးသူများကကျန်ခဲ့လိုက်။ လစ်လပ်သွားသောအတွင်းနေရာများသို့ ဖြည့်ဝင်သွား ရင်း နွယ်နှင့်အစောကလူ ဘေးချင်းယှဉ်လျက်ဖြစ်သွားသည်။ ခဏ ကြာတော့ သူ့ရှေ့ မှနေရာ လွတ်သွား သည့်အခါ နွယ့်ကိုမေးဆတ်ပြသည်။
နွယ်လည်း ထိုင်ခုံမှာဝင်ထိုင်ရင်း ဖုန်းဂိမ်းတစ်ခုကို ဆော့နေလိုက်သည်။ မိနစ်နှစ်ဆယ် လောက် ကြာတော့ နွယ်ဆင်းရမည့်ဘူတာသို့ ရောက်သည်။ တခါတရံ မတော်တဆ တိုက်ဆိုင်မှုအမှုန်လေးများ စုဖွဲ့ပြီး မေ့ဖျောက်ခက်သော အမှတ်တ ရများကို ဖန်တီးတတ်လေသည်။ အထူးသဖြင့် သံယောဇဉ် အတွယ်အတာကို ဥပေက္ခာပြု ထားချင်သူ နွယ့်ကိုမှ ထိုလှိုင်းက တည့်မတ်စွာ ရိုက်ခတ်ခဲ့လေသည်။
ကျောဘက်ဆီမှ မြန်မာသံတစ်ဝက် ဘိုသံတစ်ဝက် အသံတစ်သံလွင့်လာပြီး အရိပ်တစ်ရိပ်လည်း နွယ့်ဘေး ဖတ်ခနဲထိုးကျလာသည်။ မော့ကြည့်လိုက်တော့ အစောကလူ။ ခပ်မြူးမြူး အပြုံးနှင့် မှတ်စုစာရွက်ပေါ်မှ လိပ်စာကို ညွှန်ပြသည်။
“ You can follow with me ကောင်လေး ”
အံ့သြရိပ်ဖြတ်ပြေးသွားသောအကြည့်နှင့် တစုံတခုကိုသဘောပေါက်သွားသော ၀င်းလက် သွားသည့် အပြုံး ကို နွယ်သတိထားဖြစ်မိအောင် သတိထားမိလိုက်သေးသည်။
မိုးပြာရောင်တီရှပ်နှင့် ဂျင်းပင်န်သည် ဖြူနုဝင်းမွတ်နေသည့် ကောင်လေးအသွင်အပြင် လေးနှင့် ဘယ်လောက်ပင် အရောင်တောက်လွန်းသည်ဆိုဆို အင်တာဗျူးလာသူအနေနှင့်တော့ တဆိတ် သိမ်ငယ် လွန်းသည် ဆိုချင်သည်။ ကောင်လေးက ရှေးအမွေအနှစ်တို့ ပေါင်းစုနေသည့်ဇာတိမြေ မြို့လေးအကြောင်း တဖွဲ့တနွဲ့ဆိုသည့်အခါ နွယ်အားလပ်ရက် ပြန်လျှင် သွားလည်မည့်စာရင်းထဲ တေးမှတ်ထားလိုက်သည်။
မေတ္တာရုံသည့်မိသားစု၏ အထွေးဆုံးသားလေးမို့ မန္တလေးနည်းပညာကျောင်းက ဘွဲ့ရ ကြောင်း၊ သည်ကျွန်းလေးမှာ အလုပ်ရှာနေသည်မှာ သုံးပတ်လောက် ရှိနေပြီဖြစ်ကြောင်း ကကြီးကနေအ သူ့အကြောင်းတို့ကို သူစိမ်းသူကျက်မရွေး သံသယကင်း ယုံကြည်လွန်းစွာ အိတ်သွန် ဖာမှောက်ပြောနေလေသလားမသိ။ ကျောပိုးအိတ်ဘေးကပ်မှ ဖုန်းပြားလေးကို ထုတ်ပြီး နံပါတ်ချင်းတောင် ဖလှယ်အုံးမည်ဆိုသည်။
“ ကောင်လေး...ဟိုးပန်းအိုးနား မြင်နေရတဲ့ဓာတ်လှေခါးကနေ ဆယ့်တစ်လွှာတက် သွားရင် မင်းကိုခေါ် တဲ့ကုမ္ပဏီအခန်းနံပါတ်ကို တွေ့လိမ့်မယ်..”
ဒါတောင် “ မ... ရုံးခန်းက ဘယ်အလွှာမှာလဲ ” ဟုအမျှင်တန်းနေသေးသည်။
နွယ်ပြုံးရုံပြုံးကာ ကျောခိုင်းလိုက်ပြီး သည်မနက်တော့ မြေညီထပ်က ကန်တင်းမှာ အချိန်ဖြုန်းရလိမ့်အုံးမည်။
နှစ်ပတ်လောက်ကြာသည့်အခါ ဓာတ်လှေခါးရှေ့ ပန်းအိုးလေးဘေးမှာ စောင့်နေခဲ့သည့် ကောင်လေးနှင့် ဒုတိယအကြိမ် ဆုံစည်းစေသည့် ကံတရားကိုတော့ တသက်လုံး နွယ် ကျေးဇူးတင် ရလိမ့်မည်။ ခြောက် ကပ်အထီးကျန်နွယ့်နေ့ရက်များသည် သေးသေးချိုချို ကောင်လေးအသံလေးများနှင့် စိုပြည်လာပြီး အမှတ် တရဆိုတာ ရင်ထဲသိမ်းထည့်ထားရုံနှင့် ကြည်နူးစေမှန်း သိလာခဲ့ သည်။ နောင်အခါ ယခုအလုပ် ကို ကောင်လေးက မျှော်မှန်းလစာ ထက် ဒေါ်လာငါးရာလျှော့ပြီး လက်ခံခဲ့ကြောင်း သိရသည့်ခါ နှာသီး ဖျားလေးပူနွေးလာသည်ထိ လှိုက်ဖိုရင်ခုန်ရလေသည်။
“ ပျော်ရွှင်ဖွယ် နံနက်ခင်းလေးပါ ... မ ”
တည်သည်လည်းမဟုတ် ရယ်သည်လည်းမဟုတ် အရောင်မဲ့ မျက်နှာသေနှင့် အလွှာနံပါတ် တစုံတရာ မနှိပ်ဘဲ အလိုက်သင့်တက်လာသည့် နွယ့်ကို ကောင်လေးအံ့သြနေလိမ့်မည်။ ကောင်လေးရုံးခန်း၏ မျက်စောင်းထိုးအခန်းထဲ လက်ဗွေနှိပ်ဝင်သွားသည့် နွယ့်ကျောပြင် နောက်မှာတော့ " အို ..ဟိုး ... လှပတဲ့ တိုက်ဆိုင်မှုလေးပါလား။ " ဆိုသည့် ရေရွတ်သံ တိုးတိုးလေးက ကပ်ပါလာသေးသည်။
“ တကယ်တော့ မရဲ့ အပြင်အစားအစာဆိုတာ တခါတရံပဲကောင်းတာ။ အထူးသဖြင့် အငန်ဓာတ်မပါ အချိုဓာတ်ပေါ့ ရေလုံပြုတ်သာသာ သူတို့အစားအစာထက် ရသာခြောက်ပါးလုံး အချိုးကျကျပေါင်းစပ်ထားတဲ့ လင်းတို့ အစာကမှ အာသာပြေတာမဟုတ်လား။ ညနေခင်း တော့ မ ... ချက်စားတယ်မဟုတ်လား။ ”
ထိုသို့အစပြု၍ အလုပ်စ၀င်သည့် နေ့လယ်ခင်းထမင်းစားချိန် ကန်တင်းမှာတင် မဖိတ်ခေါ်ပါဘဲ နွယ့်ရှေ့ ၀င်ထိုင်၊ ယောက်ျားလေးတန်မဲ့ ထမင်းဗူးလေးဖွင့်ပြီး ဟင်းချိုင့်ထဲက ငါးပိ ကြော် အနည်းငယ်ကိုလည်း ခွင့်မတောင်းပါဘဲ နွယ့်ပန်းကန်ထဲ ခပ်ထည့်ပေးသေးသည်။
ကောင်လေး နွယ့်ဘ၀ထဲစိမ့်ဝင်လာပုံက ခေါင်းခါငြင်းဆန်နေရင်းက ကြည်နူးမက်မောစွာ သာယာမိသွား သလိုမျိုး။
ကောင်လေး မင်း ... ပေါင်းကျွေးတဲ့ကောက်ညင်းပေါင်းက အရသာသိပ်ရှိတာပဲ။ နွယ်က နှမ်းထောင်းနဲ့ပဲ တွဲစားဖူးတာ။ အဲလိုမြေပဲထောင်းလေးနဲ့ ပဲပြုတ်အိအိလေးနဲ့ အရသာစိမ့် စိမ့်လေးဆိုတော့ လျှာမှာ စွဲနေ တာပဲ။ ”
“ ဟာ...မကလဲ ကောင်လေးလို့မခေါ်ပါနဲ့ဆို။ လင်း ...လင်းလို့ခေါ်ပါ။ ”
နှစ်နှစ်လောက်နောက်ကျမွေးလာတာကို ကလေးတစ်ယောက်လို မမြင်ပါနှင့်။ ကမ္ဘာကြီးကို အုပ်စိုးမည့် အတွေးအခေါ်တို့ နှလုံးသားထဲအပြည့်ပါဟု သူ့ရင်ဘတ်ကိုပုတ်ကာ စိတ် ကောက် တတ်သည့် ကောင်လေး၏ကလေးဆန်မှုကလည်း ချစ်စရာကောင်းလို့နေပြန် သေးသည်။
ဗူးသေးသေးလေးနှင့် နွယ့်အတွက်တစ်ယောက်စာ ကြက်သားငါးပိချက်လိုမျိုး၊ ချဉ်ပေါင် ကြော်လိုမျိုး ထည့် ယူလာတတ်သလို နံနက်ခင်းအဆာပြေစာ ပေါင်မုန့်ကြက်ဥကြော်၊ ပဲအီကြာလိုမျိုးလည်း တကူးတက လုပ်လာတတ်သေးသည်။
“ အဲလို သူများတွေကိုလည်း ဟင်းတွေ  မုန့်တွေကျွေးတာပဲလား။   နွယ်ကနှုတ်ခမ်းဆူချင် ယောင်ဆောင်သည့်အခါ “ မ…က၀န်တိုတာလား။ တစ်ယောက်တည်းမူပိုင်ခွင့်ရချင်တယ် ပေါ့။ ” မေ့စေးကိုပွတ် အထာကြီးစတိုင် ပဲများတတ်သေးသည်။
တိုတောင်းလှသည့် သိကျွမ်းမှုသက်တမ်းနှစ်လခွဲအတွင်းမှာ နွယ်ကျရှုံးခဲ့ပြီဖြစ်ကြောင်း သတိထားမိသည့် အခါ အံ့သြစွာ၊ ထိုမှတဖန် ရှက်ရွံ့ စွာ တကိုယ်တည်းပြုံးမိလေတော့သည်။
နံနက်တိုင်း ဓာတ်လှေခါးရှေ့ပန်းအိုးလေးဘေးကို အကြည့်ရောက်တတ်၍ ငါးနှစ်တာ ကာ လအတွင်း ဒေါ်လာပိုက်ဆံ သုံးပြီး လည်ပတ်သင့်သည်ဟု မသတ်မှတ်ခဲ့သည့် တိရစ္ဆာန်ရုံလို၊ ငှက်ဥယျာဉ် လိုနေရာမျိုးကိုရောက်ကာ နွယ့်မူပိုင် အေးစက်စက်အကြည့်တို့ပင် စိုလက် အသက်ဝင်လာချေပြီ။
စနေနေ့ဝက် ရုံးတက်ရတာချင်းတူသော နွယ်တို့သည် ရုံးဆင်းသည့်အခါ အိမ်မပြန်သေးဘဲ ရုံးနှင့် မနီး မဝေးက မြစ်ကမ်းဘေး လှေခါးထစ်လေးများမှာ ထိုင်ရင်း အာလူးကြော်ဝါးလိုက်၊ အအေးသောက် လိုက် ရောက်တတ်ရာရာ ဆိုတတ်ကြသေးသည်။
“ နွယ့်ကိုလေ မေ့မေ့ကိုယ်ပွားလေးလို့ ဖေဖေကိုယ်တိုင်ကရော ဖေဖေ့ အမ နွယ့်ကြီးကြီး တွေကပါ သတ်မှတ်ကြတယ်။ နွယ့်မျက်နှာကျက မေမေ့နဲ့တထပ်တည်းပဲကိုး။ ဒါပေမဲ့ ကောင်လေး မင်းသိ လား။ နွယ်ကမေမေ့လိုတော့မဟုတ်ဘူး။ မေမေ့စရိုက်က လွတ်လပ် တာကိုကြိုက်တယ်။ အပေါင်းအသင်း မင်တယ်။ ကလပ်တက်တယ်။ ပါတီပေးတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တာက အတိုင်းအဆ လွန်ကဲ သွားတော့ ပေါ့တဲ့ဘက်ရောက်သွား တယ်။ ဖေဖေက ရှေးဆန်တယ်။ သိုသိပ် တတ်တယ်။ ဖေဖေ က မေမေ့ကိုအမြင်မကြည် တိုင်း မင်း,သမီးလဲ မင်းအချိုးတိုင်းလာမှာပဲလို့နွယ့်ကို လျစ်လျူ ရှုတတ်လာတယ်။ ညှိမရတဲ့ ဖြစ်ရပ်တွေရဲ့အဆုံးမှာ မေမေဟာ သူ့မာနကို ထိပါတယ်ဆိုပြီး တခြားလမ်းကို လျှောက်သွား ခဲ့တယ်။ ”
“ နွယ့်ကိုမညှာဘဲ သူ့ဗီဇကို တစ်ထစ်မလျှော့တဲ့မေမေ့ကိုလဲ နွယ်မုန်းတယ်။ မေမေ့ကို စိတ် နာပြီး နွယ့်ကို ဖယ်ထုတ်ချင်တဲ့ ဖေဖေ့ကိုလဲ မကျေနပ်ဘူး။ ချစ်ရဲ့သားနဲ့ ပြတ်လွယ်တဲ့ သူတို့ သံယောဇဉ် ကို နွယ်မုန်း တယ်။ သူများမိသားစုတွေ သာယာနေတာမြင်ရင် အလိုလို မနာ လိုဖြစ်လာရော။ အဲလိုမိသားစုမျိုး ပိုင် ဆိုင်ထားတဲ့ သူငယ်ချင်းနဲ့လည်း သူငယ်ချင်းဆက် မလုပ်တော့ဘူး။ ပြသနာက အော်တိုတက်ရော။ ကြာလာတော့ နွယ့်မှာ အပေါင်းအသင်း ရှားလာတယ်။ ”
“ ဒါတွေပြောပြနေတာ ကောင်လေး နွယ့်ကိုသနားစေချင်လို့မဟုတ်ဘူးနော်။ အဲလို မှီတွယ်ရာပျောက် ဆုံးခဲ့ဖူးတဲ့ problem girl နွယ်ဟာ…နောက်တစ်ကြိမ် တွယ်ငြိမိတဲ့ အရာတစ်ခု ကိုသာ ဆုံးရှုံးခဲ့ မယ်ဆို ရင်…..”
ကောင်လေးသည် နွယ့်ကိုစကားဆက်ခွင့်မပေးဘဲ သူ့လက်ညှိုးနှင့် နွယ့်နှုတ်ခမ်းကို ပိတ် ကာ နွယ့်လက်ကို ဆုပ်ကိုင်အားပေးတတ်သည်။
ထိုညနေခင်းများတော့ နွယ်တို့နှစ်ယောက် ညဥ့်နက်မှဖြေဖျော်သည့် သံစုံတီးဝိုင်းကို ညဈေး တန်းပတ် ရင်း စောင့်ပြီး စိတ်ရှိသလောက်ခုန်ပေါက် အားပေးလိုက်ကြသည်။
နောက်ဆုံးရထားတောင် မမှီတော့ပြီမို့ အငှားကားစီးကာ ကောင်လေးက နွယ့်အိမ်ပေါက်ဝ ထိ လိုက်ပို့ သည်။
နွယ့်နဖူးဆီ ဖွဖွထိသည့် အနမ်းကတော့ နေထွက်လာမည့် မနက်ဖြန်တိုင်းအတွက် အား အင်အနမ်း များဖြစ် သည်။
အကယ်၍ ဖုန်းအ၀င်ကောလ်တစ်ခုကို ကောက်ကိုင်လိုက်ခြင်းသည် နွယ့်ရွှေရောင်စိတ်ကူး များကို ကြေ မွစေမှန်းကြိုသိခဲ့လျှင် နွယ် မကြားချင်ယောင်ဆောင်ခဲ့မိမှာ သေချာသည်။ တခါတရံမျှော်လင့်မထားသည့် ချိန်သားကိုက်မှုအခြေအနေများလည်း စောစီးစွာကြုံရတတ် သေးသည်။
စနေနေ့လယ်ခင်း ကောင်လေးနှင့် ကော်ဖီဆိုင်ထိုင်နေတုန်း ကောင်လေးဖုန်းလေး မြည် လာခဲ့ သည်။ ပေါ်နေသည့်နံပါတ်သည် မြန်မာနိုင်ငံကမို့ ကောင်လေး မုန့်နှင့်ကော်ဖီ သွားယူနေတုန်း လိုင်းကျ သွားမှာ စိုးရိမ်စိတ်ကြောင့် accept ခလုတ်ကိုနှိပ်လိုက်မိသည်။
“ အလင်းရောင်...မင်း မေမေ့အရိပ်အောက်ကလွတ်တာ လပိုင်းပဲရှိသေးတယ်။ ထင်ရာစိုင်း တတ်နေပြီ လား။ ငယ်တယ်မဆိုနိုင်တဲ့ မင်းအသက်အရွယ်နဲ့ အဲသလောက်တော့ ထိန်းချုပ် ဆင်ခြင်နိုင်သင့်တယ်။ မင်းမွှန်နေတုန်းတော့ လိမ့်လို့ကောင်းနေအုံးမှာပေါ့။ ခုတွဲနေတဲ့ ကောင်မလေးနောက်ကြောင်းကို မင်းက စိတ်မ၀င်စားပေမဲ့ မေမေက မျက်နှာမလွှဲနိုင်ဘူး။ အဲကောင်မလေးအမေက ပထမအိမ်ထောင်နဲ့ သဘော ထားမတိုက်ဆိုင်လို့ ဒုတိယ အရိပ် အောက်ခိုလှုံတယ်။ မေမေ အပြစ်မပြောလိုဘူး။ ဒါပေမဲ့ တတိယ အရိပ်ကို ထပ်ပြီးခိုဝင်တာ တော့…။ ချောင်းရိုးမြောင်းရိုးသာ တိမ်ကောရင်တိမ်ကောမယ်။ မျိုးရိုး ကတော့….. သား။…နွယ်ကံကောင်းသည်ဆိုရမလား။ ဖုန်းလိုင်းသည် ပြောနေရင်း ပြတ်တောက်သွားခဲ့ သည်။  ကောင်လေးမေမေလည်း ထပ်ခေါ်မရတော့သည်ပဲလား၊ မှာတမ်းခြွေစရာကုန်သွားလို့လား ဖုန်းသံ လည်းထပ်မြည်မလာတော့။
“ ကောင်လေး မင်းဘ၀မှာမိဘကို ဆန့်ကျင်ခဲ့ဘူးလား။ ”
အဆက်အစပ်မရှိ နွယ့်မေးခွန်းကြောင့် ကောင်လေးမျက်ခုံးများ တွန့်တက်သွားသည်။ ကောင်လေးက မဖြေသေးဘဲ မုန့်နှင့်ကော်ဖီကို နွယ့်ရှေ့ ချပေးသည်။
" မုန့်ကို ခဏထားပါအုံး။ နွယ်မေးတာဖြေအုံးလေ။ ဥပမာ...အဖြစ်အပျက်တစ်ခုတည်းကိုပဲ ကိုယ့်ဘာသာ မှန်ကန်နေတဲ့ ရပ်တည်ချက်တွေနဲ့၊ အဲလိုဆန့်ကျင်ဘက်ကလည်း ကိုယ့်ရဲ့ မိဘ အထူးသဖြင့် အမေပေါ့။ ကောင်လေးကြုံခဲ့ဘူးလား။ အရင်ကမကြုံလည်း အနာဂတ်ဆို တာကြိုမမြင်နိုင်ဘူးလေ။ "
" ဒီကကောင်ပြောရင်လည်း အိုဗာတင်းလို့ စွပ်စွဲအုံးမယ်။ မရဲ့လင်း အလင်းရောင်က သား လိမ္မာလေးပါဗျ။ "
ကောင်လေးက ရယ်ကျဲကျဲဆိုသော်လည်း နွယ့်ရင်ထဲ ငိုချေပြီ။
" တကူးတက ဖန်တီး၊ စကားနားထောင်ခဲ့တာတော့မဟုတ်ဘူးဗျ။ လင်းမေမေကလည်း တစ်ခါဆိုတစ်ခါမှ တယူသန်တစ်ဖက်သတ်မဆန်ခဲ့သလို တကယ်လို့တားမြစ်ခဲ့ရင်လည်း လင်းအတွက်ပဲလို့လင်းယုံ တယ်။ မေမေက လင်းကို တအားချစ်တယ်။ လင်းကလည်း မေမေကိုချစ်တာပဲလေ။ "
ကောင်လေးက တွေးတွေးဆဆဆိုပြန်သည်။
ထိုနေ့က " ခေါင်းကိုက်တယ်။ ပြန်ရအောင်။ " အကြောင်းပြကာ ကြည့်ရခဲသော မြန်မာ အဆိုတော်များ ရှိုးပင် လက်မှတ်အဆုံးခံလိုက်ပြီး အိမ်ပြန်ခဲ့သည်။ ကောင်လေးမေမေ စကားများကတရစ်ဝဲ ၀ဲ။ ကောင်လေး ပုံရိပ်များက တ၀ဲလည်လည်။ ကောင်လေးအတွက် ချိန်ခွင်လျှာညှိရမည့် နွယ့်ပြိုင်ဘက်သည် သူစိမ်းသာဖြစ် လိုက်စေချင်သည်။ တစ်လျှောက် လုံးမစွန်းထင်းခဲ့သည့် ဂုဏ်ပုဒ်သည် နွယ့်ကြောင့် အရောင် မပြောင်းစေ ချင်။ ထိုအတောအ တွင်း ကောင်လေးဆီမှ တစုံတရာကြားလေမလား စိုးတထိတ်ထိတ်နှင့် နေ့ရက်တို့ ကုန် လွန်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်ကငြင်းခဲ့သည့် အိန္ဒိယတိုင်းပြည်ရုံးခွဲသို့ စေလွှတ်မှုကို ဒုတိယ အကြိမ် တောင်းဆိုခံလာရသည့်အခါတော့ မဆိုင်းမတွပင် ခေါင်း ညိတ်ခဲ့မိသည်။ ကောင်လေးနှင့် နောက် ဆုံးဆုံခဲ့သည့်ညနေက အတည်တကျဖြစ်လျှင် လိပ်စာ၊ ဖုန်းနံ ပါတ်တို့ကို မေးလ်ပို့ပေးလိုက်မည်ဟု ကတိပေးခဲ့သော်လည်း ခုချိန်၌ ထိုအလင်းရောင်၏ ဖြာလင်းမှု စည်းဝိုင်းအတွင်းမှာ တစ်ကြိမ်တစ်ခါ ကြည်နူးခဲ့ဖူးရုံနှင့် လုံလောက်ပြီဟု သေချာ ဆုံးဖြတ်နိုင်ခဲ့ပြီမို့ နွယ့်အချစ်ကိုကောင်လေးအပါအ၀င် မည်သူ မျှနားမလည်သည့်တိုင် အောင် ....။
ရင်ငြိမ်းသူ(မော်လမြိုင်)
12.10.2013(Sat)
10:00 P.M
သြဂုတ်လ ၂၀၁၄ ရွှေအမြုတေ