ပြတင်းခန်းဆီးကို
အသာလှပ်ဖယ်ကာ လှမ်းငေးလိုက်လျှင် လူတစ်စုသည် ကိုယ်နားမလည်သော တေးသွား သံစဉ်များနှင့်
မြူးထူးနေသည်ကို မြင်တွေ့ရမည်။ “ ၀ိုင် ” ရယ်လို့ ယူဆရသည့် ဖန်ခွက်များကိုလည်း ကိုင် မြှောက်ပြီး တဟားဟား အော်ရယ်လျက်ရှိကြသည်။ ကိုယ် ခန်းဆီးကို ဆွဲပိတ်လိုက်သည်။
ဟော … အာရုံကို
အိပ်ခန်းဆီ ရွှေ့လိုက်သည့်အခါ တံးခါးတစ်ချပ်သာခြားသည့် ဟိုမှာဘက် ကိုယ့်အိမ် အတွင်းမှာပင်
“ ချစ်တုံးလေး ” “ သဲတုန်းလေး ” ဟူသည့် တီတီတာတာ ချော့မြူ သံများ၊ တစ်ယောက်နှင့် တစ်ယောက်
တွတ်ထိုးကာ တီးတိုးစကားသံများ။
တကယ်ဆို ကိုယ်လည်း
လက်ကိုင်တံခါးလှည့်ပြီး ပြေးထွက် အတူစီးမျောလိုက်ပါတော့လား။ သူစိမ်းတွေမှ မဟုတ်တာလေ။
အဒေါ်ရယ်၊ အစ်ကိုဝမ်းကွဲမှ မွေးသည့် တူလေးရယ်ကို။
ကိုယ် … အထီးကျန်နေလေသလား။
ထိုခံစားချက်မျိုးမဟုတ်တာတော့ သေချာသည်။ ရောရောနှောနှော မဆက်ထွေးချင်သည်မှာ သံယောဇဉ်မရှိလို့
မဟုတ်။ နဂိုဗီဇပင်။
ကိုယ့်လက်တွေက
ခုလိုမျိုး ကွန်ပျူ တာ ကီးဘုတ်ပေါ် တဂျောင်းဂျောင်းပြေးပြီး စိတ်ကူးဖြန့်၊ အတွေးတွေ သီကုံးလို့သာနေချင်သည်။
မှတ်မိသေးသည်။
ဆယ်တန်းအောင်ပြီးစ
တက္ကသိုလ် မဖွင့်ခင်ရက်တွေမှာ
စာအုပ်တွေချည်း လှိမ့်ဖတ်နေတာ။ လူငယ်ဖြစ်ပြီး သွက်သွက်လက်လက် ချက်ချက်ချာချာ ထက်ထက်မြက်မြက်
အပြင်ဗဟုသုတမရှာ ဟူသည့် မေမေ့ အပြစ် သံကို လျစ်လျူ ရှု၊ စာဖတ်မပျက်ခဲ့တာ။ ဆွေမျိုး၊
သူငယ်ချင်းတွေကိုလည်း စာတွေဖတ်နေရလျှင်ပျော်သည်၊ ကိုယ့်ခံစားချက်တွေကိုလည်း ထိုသို့ဖော်ပြချင်သည်၊
တိတိပပ ၀န်မခံခဲ့ဖူး။ အရိပ်အမြွက်လောက် စာရေးသူ ဘ၀ကို မက်မောကြောင်းလောက်သာ လှစ်ပြခဲ့ဖူးသည်။
လိုလိုလားလား အားတက်သရော မမြင်ရတော့ လည်း တဖန် ပြန်လည်ခေါင်းလျှိုသွားသည်ထင်ပ။ ၀တ္ထုလို့
ဆိုနိုင်လောက်သည့် စာမျိုးနှစ်ပုဒ်၊ သုံးပုဒ် ရယ် တော့ ရေးပြီး သိမ်းထားခဲ့ဖူး။ ကျောင်းတွေဖွင့်တော့ ပညာရေးသည်သာလျှင်အဓိက ဟူသည့် မေမေ့စကား အတိုင်း အတန်းမှန်မှန်တက်၊
စာမှန်မှန်ကျက်၊ ကြိုးစားရင်း အိပ်မက်ရောင်စုံလေး တို့သည်လည်း မှိန်ဖျော့ သွားခဲ့လေသည်။
သို့ပေမဲ့ ထိုအတွက်လည်း မည်သူ့ကိုမျှအပြစ်မတင်ပါ။
ဘ၀အသက်မွေးဝမ်းကျောင်းအတွက် ခိုင်မာသည့် အလုပ်အကိုင်တစ်ခုနှင့် မိဘကျေးဇူးကို ဆပ်ခွင့်ရစေ ခဲ့လို့လည်း မည်သို့ဆိုစေ ကျေနပ်ပါသည်။ အင်တာနက်ကောင်းသည့် အခြေအနေ၊
အချိန်အခါနှင့် ကြုံကြိုက်လာသည့်ခါ ဘလော့အတော်များများကို အလည်ရောက်မိသည်။ ဖတ်မိသည်။
သဘောကျ သည်။ နှစ်သက်သည်။ ခြေရာလေး တွေ မချန်ရစ်ခဲ့လည်း အမြဲလိုလို တကူးတကသွားဖတ်သည်။
အားကျ သည်။ ကိုယ်လည်းရေးချင်လာသည်။ သို့သော် ခြေလှမ်းမစသေး။ ဘလော့တွေလည်လိုက်၊ သဘောတွေ ကျလိုက်
လုံးလည်လိုက်ရင်း အွန်လိုင်း မှာခင်မိသည့် အစ်မတစ်ယောက်ကတစ်ဆင့် အွန်လိုင်းမဂ္ဂဇင်း တစ်စောင်ဆီ
ပို့ကြည့်သည်။ ဖြည်းဖြည်းချင်း တရွေ့ရွေ့ရေးရင်း မဂ္ဂဇင်းအသစ်တစ်စောင်၏ ကလောင်သစ် ကဏ္ဍကို
စမ်းပို့သည်။
ဘလော့လေးရှိလျှင်ကောင်းမှာပဲဟု တွေးနေငြား
မလှုပ်သေး။ ထိုချိန် အွန်လိုင်းမှ တဆင့် ဘလော့ဂါ အစ်မတစ်ယောက်နှင့် ထပ်ခင်မိပြန်သည်။
အမှန်တော့ သူက နည်းပညာပိုင်းမှာအကျွမ်းတ၀င်ရှိသူ။ ဘလော့လေးလုပ်ပေးပါလားလို့ အကူအညီမတောင်းဖြစ်။
ယခုဘလော့လေးကို အဲ့အစ်မက လက်ဆောင် ပေးသည့်အချိန် ခံစားမှုကို ပြန်တွေးတိုင်း ကြည်နူးသွားမြဲ။
တောင်းဆိုခဲ့လို့ မဟုတ်ပါဘဲ၊ လိုချင်ပါသည်မပူ ဆာဘဲ၊ လုပ်ပေးမည်ဟု အသိမပေးသေးပါဘဲ၊
ရေးထားတာလေးတွေကိုမေးလ်ပို့ခိုင်းပြီး အကြောင်းရင်းလည်းမပြောပါဘဲ၊ နောက်ဆုံးမှ ဘလော့မေးလ်နှင့်
စကားဝှက်ကို ပို့ပေးသည့် အဲ့အစ်မကို အရမ်းလည်း ခင်သလို ခုစာရေးရင်းတောင် တအားလွမ်းမိသည်။
[ မတွေ့ရတာ ကြာနေပြီကိုး.. ] [ စာအရေးကောင်းသလို စိတ်ရှင်းသည့် ဘလော့ဂါစာရေးဆရာမ အစ်မ
မဂျွန်မိုး … ဒီမှာသတိရနေပါသည်။ ]
ဘလော့လေးရပြီး
စာအရေးကျဲ၊ ခြောက်ကပ်ကပ်အိမ်လေးဆီ လာလည်ကြသည့် တီတင့်၊ မဆွေလေးမွန်၊ အစ်မကြည်ဖြူ၊ ၊ အစ်မထရေဇာ
[ခုတလော ဖဘမှာလည်း မမြင်မိ]၊ အစ်မစံပယ်ချို၊ ၊ အစ်မညိုလေးနေ ၊ မဗေဒါ ၊ အစ်မသဒ္ဓါလှိုင်း တခြား တခြားသော
silent readers အားလုံးကို ကျေးဇူးတင်ပါသည်။
မဆုံးနိုင်သည့်
လောဘတွေ၊ လိုအင်တွေနှင့် လုံးထွေးသည့်အခိုက် ဘလော့လေးကို ပစ်ထားမိသော်ငြား၊ ပြန်လည်ခိုဝင်လိုက်သည့်ခဏ
နွေးထွေးမှုတွေ၊ စိတ်ပျော်မှုတွေက အရောင်ဖျော့မသွား။
စာထဲကနေ
ကိုယ့်ပုံရိပ်ကို ရှာဖွေရတာတော့ တော်တော်လေး ခုံမင်မိသည့်အတွက် ဆက်ရေးဖြစ်နေပါ အုံးမည်
…။ ကျော်ကြားမှုအတွက်၊ ထင်ပေါ်မှုအတွက် တနည်း ခုတုံးမဟုတ်ဘဲ ရေးဖြစ်နေပါအုံးမည်။
ဘလော့ခေတ်ဦးကို မမှီခဲ့သလို ခေတ်လယ်ကာလတွေကို မသိခဲ့သော်လည်း
ဘလော့ရေးသူ စာချစ် သူ မောင်နှမတွေကို ခင်မင်လေးစားသည့် စိတ်ကလေးနှင့် ယခုပိုစ့်လေးကို
အမှတ်တရရေးသားပါသည်။ တနည်း ကိုယ့်အမှတ်တရများကို ဘလော့ဒေးမှာ လိမ်းခြယ်သိမ်းထားလိုခြင်းလည်းပါသေးသည်။
အားလုံးသော ဘလော့ချစ်သူ မောင်နှမများ ဟက်ပီးဘလော့ဒေးပါရှင်။
ပုံလေးကိုတော့ ဂူဂယ်လ်မှ ယူသုံးပါသည်။