-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;
Tuesday 18 March 2014
ခရီးဝင်္ကပါ
ခရီးကွန်ခြာ၊ ၀င်္ကပါကို
ငါလျှင်တစ်ယောက်၊ အားသွန်လျှောက်ခဲ့။
နှလုံးကြေကွဲ၊ ရင်နာပွဲနှင့်
လိမ့်လဲလွင့်ကြွေ၊ စိမ့်မျက်ရည်နှင့်
အခြေမလှ၊ သည်ဘ၀၌
နှင်ရသည်မှာ၊ မောစရာပင်။
ပမာငါ့တူ၊ လွင့်မျောသူတို့
ကမူတစ်ကွေ့၊ ကြုံမတွေ့လို
ဖေးမကြိုတွဲ၊ ဖော်သဟဲလည်း
မြိုင်ထဲရဂုံ၊ ငါမဆုံလို။
တောင်ညိုမြင့်မား၊ ကမ်းပါးနက်စောက်
ခြိမ်းဟောက် သားရဲ၊ မြွေခဲ ကင်းမှောင့်
ဆူးငြောင့် ခလုတ်၊ သစ်ငုတ် ခယောင်း
ချုံပေါင်း နွယ်လျှိုး၊ ဇွတ်ရှေ့တိုးလျက်
မစိုး မနှောင့်၊ မကြောက် မလန့်
မရပ်တန့်လို။
ငိုရယ် ကြည်နူး၊ လှိုက်မူး ဗျာပွေ
ကြမ်းထွေ ခက်ခက်၊ တက်သက် ရုန်းကန်
ဘ၀မာန်ဖြင့်၊ အံကိုခဲ၍ နွှဲပါမည်။
စဦးမထင်၊ ဆုံးမမြင်သည်
နှင်၍မပြီး၊ သည်ခရီး၌
ကိုယ်ထီးသာပင်၊ လျှောက်နေချင်သည်
ဘယ်တွင် ဆုံးရိပ်မမျှော်လို။
စိန်စိန်
[ ၂၀၀၂ ခုနှစ် မတ်လလောက်က ဆရာမ စိန်စိန်ခရီးဝင်္ကပါ စာအုပ်ကို ဖတ်ပြီး သည်ကဗျာလေးကို ဗလာစာအုပ်ထဲ ကူးယူ ထားခဲ့သည်။ စိတ်ထဲမှာလည်း တော်တော်လေး စွဲထင်လို့နေခဲ့သည်။ ယခုတစ်ခေါက် အိမ်ပြန်တော့ ထိုအမှတ်တရ စာအုပ်များ ယူလာခဲ့သည်မို့ စာချစ်သူမောင်နှမများကိုလည်း မျှဝေရအောင် ဘလော့လေးမှာ ခုလို တင်လိုက်ရပါသည်။ ]
Friday 14 March 2014
ချိုလဲ့ လဲ့ အပြုံး ...
ပြတင်းတံခါး၏ ဟိုဘက်မြစ်ရေပြင်မှာ စက်လှေငယ်များ ၊ သမ္ဗာန်ငယ်များ ခုတ်မောင်း ရွေလျားနေသည့် မြင်ကွင်းသည် ချိုလဲ့အာရုံကို ညှို့ငင်ဖမ်းစားနိုင်လွန်းသည်။ ထိုမြင်ကွင်းကိုေ၀၀ါးစေသော ပြတင်းမှန်ကို   လွင့်စင်ထိရိုက်လာ သော မိုးစက်မိုးပေါက်များကိုပင် လက်ဖ၀ါးဖြင့် ဖိပွတ်နေမိသည်။ ကမ်းစပ်သည် လှမ်းမမြင်အောင် ဝေးကွာနေသော် လည်း အားမာန်အပြည့် ၊ တက်ကြွမှုအပြည့်တို့ ဖြင့် ကူးခတ်နေသော ထိုပုံရိပ်သည် ချိုလဲ့ဆီ အားအင်တို့ ကူးစက်လာ စေသည်ထင်ရသည်။
Ferryကားလေးသည် သန်လျင်မြေကို ထိုးခွဲဝင်ရောက်လာသည်နှင့်အမျှ သန်လျင်တံတားသည်လည်းကောင်း၊ မြစ်ပြင်ထက်က သမ္ဗာန်ငယ်လေးများသည်လည်းကောင်း မြင်ကွင်းထဲမှ မှုန်ဝါးပျောက်ကွယ်သွားသည်။ ချန်ရစ်ထားခဲ့သော အရာများသည် ဝေးသွားလေလေ ၀ါးလာလေလေ အဆုံးမှာ မှိန်ဖျော့သွားသလိုမျိုး ချိုလဲ့လည်း အတိတ်ကိုလွှတ်ချ ထားခဲ့နိုင်လျှင် ခုလိုမျိုး လွမ်းဆွတ်တမ်းတခြင်း၊ သတိရခြင်းများ တနင့်တပိုးနှင့် ကြကွဲနာကျင်နေရမှာ မဟုတ်ချေ။
“နင့်နှလုံးသားထဲ ဒဏ်ရာမြစ်တစ်စင်း ဖြတ်စီးစေခဲ့တဲ့ဝန်းကျင်ကို နင်စွန့် ခွာသင့်တယ် ချိုလဲ့"   
ချိုလဲ့၏ တပိုင်းတစရင်ဖွင့်သံများမှ ဖုံးကွယ်သိုဝှက်ထားသောခံစားချက်ထုထည်ကို လှမ်းမြင်သူ လုပ်ဖော်ကိုင်ဖက်တ ချို့က မမြင်လိုရက်စွာ ကရုဏာသက်ကြသည်။ ချိုလဲ့က … အဲလိုချိုလဲ့ပါ။ လွှတ်ချသင့်သည့်အရာကွှိုတ်ချသင့်သည့် အချိန်မွှာတ်ချနိုင်ဖို့လည်း တွေဝေတုံ့ ဆိုင်းလွန်းနေတတ်သည်။
ခုထိလည်း ချိုလဲ့တို့ဖူးစာကို အစပျိုးရေးခြယ်စေသည့် ကံ့ကော်ပန်းခြောက်လေးကို ဒိုင်ယာရီစာအုပ်လေးထဲ မပစ် နိုင်ရက်စွာ ညှပ်ထားဆဲ။ စာသင်ဆောင်နှင့် ဆရာ၊ ဆရာမ နားနေခန်းကြား ကံ့ကော်ပင်အောက်မှ ဖြတ်လျှောက်တိုင်းလည်း အတိတ်ပုံရိပ်တို့ က ပိတ်ကားပေါ် အရုပ်ထင်လာသလို ပြန်လည်သက်ဝင် ပီပြင်လာမြဲ။
တစ်ဆယ့်ငါးနှစ်စွန်းစွန်း ဆယ့်ခြောက်မပြည့်တပြည့် ပထမနှစ်ကျောင်းသူနေ့ရက်များ၌် အပူအပင်ဟူသည် တခြား ကမ္ဘာသစ်ဆီခရီးလွန်နေသလိုမျိုး အသက်ရှူသံ စည်းချက်များသည် လတ်ဆတ်တက်ကြွနေသည်။ တောက်ပသည့်  ကြယ်ပွင့်ငယ်လေးများအလား။ ကျောင်းဘေးနားက လူအသွားအလာကျဲသော တာတမံတ၀ိုက်မှာ ၊ ကျောင်းအ၀င်ဝ သီဟိုဋ္ဌ်တောအုပ်အလယ်က မြေနီလမ်းလေးမှာ ၊ Canteen ဘေးက ဆုတောင်း ပြည့်စေတီလေးမှာ ခြေရာတံဆိပ်များ ပြန့်ကျဲခတ်နှိပ်လျက်။
အဲလိုနှင့် ... အချိန်ရာသီယဉ်ရထားက ချိုလဲ့တို့သူငယ်ချင်းတစ်သိုက်မေ့လျော့နေသည့် First Semester စာမေးပွဲ ဘူတာဆီ အချက်ပေးမြည်သံပေးကာ ချဉ်းနင်းဝင်ရောက်လို့လာသည်။ ထိုရထားသည် ဖြူနုနု ချိုလဲ့နှလုံးသားကို ကြေမွစေမည့်မုန်တိုင်းကိုလည်း သယ်ဆောင်ခဲ့လေသည်။
ချိုလဲ့တို့ဧ။် ဖုတ်ပူမီးတိုက် ဖတ် ၊ မှတ် ၊ ကျက် လေ့လာမှုများသည် ရှေ့ပိုင်းတွက်စာဘာသာများကို အထစ် အငေါ့မရှိ စေခဲ့သော်လည်း ချိုလဲ့တို့ မေဂျာဧ။် သတင်းမွှေးသော ကျက်စာဘာသာ Building Construction ဖြေမည့်မနက်၌ မျက်လုံးလေးကလယ်ကလယ် ရင်လေးတမမ ခြေမကိုင်မိလက်မကိုင်မိ။ ညဦးပိုင်းက ရွေးကျက်ခဲ့သော စိတ်ကူးထဲက အပုဒ်များသည် စာစစ်သူဧ။်အတွေးနှင့် ထပ်တူမကျခဲ့လျှင်။
“ ကံ့ကော်ပန်းဆောင်ထားရင် မေးခွန်းကံ ကောင်းတယ် ”
လေလှိုင်းမှတဆင့်ပျံ့လွင့်လာသော သတင်းစကားသည် ယုတ္တိတန်သည်မတန်သည် ဝေဖန်စီစစ်ဖို့ထက် ချိုလဲ့တို့ဧ။် ခြေလှမ်းသည် ကံ့ကော်ပင်ခြေရင်းဆီသို့။ ကံ့ကော်ပင် ခြေရင်း၌ အတွေးလွယ်လွယ် ကလေးသာသာ ချိုလဲ့တို့သည် အလှမ်းမမှီသော ပင်ယံထက်က ကံ့ကော်ပွင့်ကိုတလှည့်၊ တအိအိပဲ့ကျလာသော လက်ပတ်နာရီပေါ်က စက္ကန့်တံကို တလှည့်။
“ ညီမလေးတို့  ကံ့ကော်ပွင့် ပန်ချင်လို့ လား ”
ခပ်သြသြ ခပ်ရှရှ အသံနှင့်အတူ
“ အစ်ကိုတို့  ခူးထားတာတော့မဟုတ်ဘူး Canteen မှာရွာထဲက ကလေးလေး ရောင်းနေ လို့ ဝယ်လာခဲ့တာ ရော့ ”
အပြုံးချိုချိုတစ်ခုက ကမ္ဘာမြေပေါ်လင်းလက်သွားခဲ့သည်။ ယတြာကံ့ကော်သည် တကယ်ပင် အစွမ်းထက်ခဲ့လေသ လား။ Building Construction ကုန်းကမူလေးကို ရှောရှောရှူရှူ လွန်မြောက်ခဲ့ကြသည်တော့ အမှန်ပင်။ ချိုလဲ့၏ နွေညလယ်အိမ်မက်များမှာလည်း မိန်းမော ဖွယ်ချိုရီရီအပြုံးတစ်ခုက တွဲလွဲခိုလို့ လာခဲ့သည်ပေါ့။
“ ကံ့ကော်ပုံပြင်တစ်ပုဒ်တော့ နားဆင်ရလိမ့်အုံးမယ်ထင်တယ် ”
Drawing ဆောင်ထိပ်က အုတ်ခုံဘောင်လေးပေါ်မှာ ၊ စာသင်ဆောင်မှ Canteen အသွား Science Lab ဘေးက ဗာဒါပင်အောက်မှာ အရိပ်လိုကပ်ပါလာသည့် သူ့ကိုမြင်တိုင်း သူငယ်ချင်းများ၏တီးတိုးမှတ်ချက်က ချိုလဲ့ ရင်ကို တိတ်တခိုးလှုပ်ခါစေသည်။ နီညိုရောင်ကတ္တီပါသဲ ကြိုးအောက် ခြေဖမိုးဖြူနုနုက ရင်ခုန်စေသလို စိတ်အလိုမကျတိုင်း “ဟာကွာ” ဆိုပြီး ရှေ့  ကဆံပင်များကို ထိုးဖွတတ်သည့် အမူအကျင့်ကလည်း ချစ်ဖို့ကောင်းလို့နေပြန်သည်။ နံနက် တိုင်း ၀တ္တ္တရားမပျက် ထမင်းချိုင့်ခြင်းသယ်ရန် ferry ကားဆီရောက်လို့ လာသည်မို့  သူများတွေတောင် မျက်စောင်းထိုး ကုန်ကြပြီ ကိုဇေရယ် ...။
“ ကိုဇေ ချိုလဲ့က မူကြိုကလေး မဟုတ်ဘူးနော် ချိုလဲ့ ရှက်လာပြီ။ ”
“ ဟောဒီက နှမတော်က ကလေးမဟုတ်လို့  ဒီကမောင်ကြီးက အပါးတော်မြဲခစားနေရတာပေါ့ ”
ချိုလဲ့နဖူးကို မနာအောင်ဖွဖွထုရင်း သူက ရွှတ်နောက်နောက်ဆိုလာသည့်အခါ အရှေ့က နေမင်းသည် အနောက်ဘက်မှ ထွက်လာသလို ကမ္ဘာလောကကြီးတစ်ခုလုံး ကျွမ်းထိုး မှောက်ခုံဗြောင်းဆန်သွားခဲ့သည်။ သြော် ... ထိုအချိန်က ပုံပြင်ဟူသည် အတိတ်မှာသာ ခမ်းနားပြီး လက်တွေ့မှာဖမ်းဆုပ်လို့ မရနိုင်သည့် ပုံရိပ်ယောင်မှန်း နားမလည်ခဲ့ပေကိုး။ မိမိ အချစ်သာစစ်မှန်လျှင် ရောင်ပြန်ဟပ်မှုလည်း တူညီမည်ဟု လွယ်လွယ်တွေးခဲ့သည်ကိုး။
“ ချိုလဲ့ရယ် လွယ်လိုက်တာ ခေါင်းညိတ်လိုက်ပြီလား။ ”
" မဟုတ်ရပါဘူး သူငယ်ချင်းတို့ ရယ်။ "
ချိုလဲ့ရင်ထဲ အသံတိတ်ဖြေရှင်းနေမိသည်။
ချိုလဲ့နှင့်မေဂျာတူ တစ်တန်းကြီးသောကိုဇေသည် ချိုလဲ့အခက်အခဲရှိသော အထူးသဖြင့် အတွေးအခေါ်ပေါ် အခြေခံသည့် Estimate လိုဘာသာမျိုးကိုလည်း ရှင်းပြတတ်သေးသည်။ ကျက်စာဘာသာများကို ဘယ်လို Notes ထုတ်ပြီး ကျက်သင့်ကြောင်း၊ အိမ်ပုံတစ်ပုံ ကို Front,Back,Left & Right လေး View ကနေ 3D View ဘယ်လိုဆွဲရမည်၊ 3D View ကနေလည်း View လေးမျိုးဘယ်လိုပြန်ခွဲထုတ်တတ်ရမည်ကိုလည်း အလွယ်နည်းပြောပြ တတ်သေးသည်။ Structure Design ပိုင်းလို ဘာသာရပ်မျိုးကိုလည်း စဉ်းစားပုံ၊ စဉ်း စားနည်း အဆင့်ဆင့်ရှင်းပြတတ်သေးသည်။ အချစ်မှာ အားကိုးအထင်ကြီးစိတ်ပါ ထပ်ဆင့်ပေါင်းသည့်အခါ သံယောဇဉ်နွယ်ပင်က ရုန်းမရအောင်အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့ လေပြီ။ အညှာလွယ်လိုက်သည်လို့  မဆိုရအောင် ဖုံးဖိခဲ့ပါသည်။ ဟန်ဆောင်ခဲ့ပါသည်။
သို့ သော်…..
တိုတောင်းလှသည့် လအနည်းငယ်အတွင်းမှာ
ချိုလဲ့၏ခံစားချက်ကို တရားဝင်ထုတ်ဖော်မိသွားသည်။
Second Semester မဖြေခင်သုံးပတ်အလို ချိုလဲ့တို့ ကျောင်း၌ မေဂျာအလိုက် ဘောလုံး ပြိုင်ပွဲ ကျင်းပသည်။ မိန်းခ လေးဦးရေများသော ချိုလဲ့တို့ မေဂျာက ရှုံးဖို့  ရှစ်ဆယ်ရာခိုင် နှုန်း။ စာသင်နှစ်ငါးနှစ်မှ ဘောလုံးတစ်သင်းစာ လူစု ပြီးသောအခါ ကျန်ခဲ့သည်က မိန်းခ လေးများနှင့် နွဲ့ သောယောကျာင်္းလေးအနည်းငယ်။ ထိုဘောလုံးအသင်းမှာ ကိုဇေ က ရှေ့တန်းတိုက်စစ်မှုး။ ချိုလဲ့တို့ မိန်းခလေးများက ကိုယ့်မေဂျာအသင်းကို အားပေးသည့်အနေဖြင့် ကစားသမား များဧ။် ၀တ်စုံနှင့်အရောင်တူ အင်္ကျီအနီ၊ လုံချည်အနက်။ ပွဲမစခင် ချိုလဲ့ နား ကိုဇေကပ်ပြောသွားသည်က
“ ရှုံးဖို့ မဲများတဲ့ပြိုင်ပွဲအဖြေက ပြောင်းပြန်ဖြစ်ခဲ့ရင်ချိုလဲ့က မေတ္တ္တာပန်းကုံး စွပ်ရမယ်တဲ့ ”
ထိုနေ့ ကချိုလဲ့တို့ မေဂျာအသင်းသည် ကိုဇေဧ။်သွင်းဂိုးတစ်ဂိုးတည်းနှင့်နိုင်ခဲ့သည်။
Second Semester ဖြေပြီးကျောင်းပြန်ဖွင့်သည့် ဒုတိယနှစ် စာသင်ရက်များသည် အရာရာ ရွှေရောင်တောက်ပခဲ့သည်။ အစကသတိမထားမိခဲ့သည့် ကျောင်းသားရေးရာရှေ့ က အမည်မသိ ခရမ်းရင့်ရောင် ပန်းပွင့်များကလည်း ခူးယူနမ်းရှိုက်ချင်စရာ။ Ferry ကားရပ်ရာ လမ်းဘေးက ကျီးအာသီးနီနီရဲရဲများကလည်း ဖျစ်ညှစ်ချင်စရာ။ လောက မြေပြင်သည် အချစ်ကြောင့်လှပလို့ နေပါသည်။
အအေးတစ်ခွက်ကို အတူတူသောက်သည်။ လက်ချင်းတွဲ၍လမ်းလျှောက်သည်။ Canteen ဘေးက ဆုတောင်းပြည့် စေတီလေးမှာ ထာဝရလက်တွဲရပါစေဟု ဆုတောင်းသည်။ သို့  သော်….
ချိုလဲ့တောင်းဆု မပြည့်ခဲ့ပါ။
“ ကိုဇေ ဒီခရေပွင့်လေးတွေကလေ အပင်ပေါ်မှာလည်း မွှေးတယ်။ မြေပေါ်လည်း မွှွှေး တယ်။ ခြောက်သွားခဲ့ရင် တောင်မွှွှေးနေဆဲပဲ။ ချိုလဲ့အချစ်ကလည်း အဲလိုပဲ။  ဘယ်တော့မှ အနံ့ ပြယ်လိမ့်မှာ မဟုတ်ဘူး။
“ ကိုဇေ ရော အချစ်ကိုဘယ်လို ဖွင့်ဆိုချင်သလဲ။ ”
ကိုဇေမဖြေခဲ့ပါ။ ဖုန်းထဲမှဂိမ်းကိုသာ ဆက်ဆော့နေခဲ့သည်။ ဘယ်တော့မှလည်းဖြေလိမ့် မည်မဟုတ်ပါ။
“ နင့်လူ BE ကမမတစ်ယောက်ကို လိုက်ကြောင်နေတာ ငါမြင်ခဲ့တယ် သိလား ”
BE တန်းဘေးက ဘုရားခန်းသို့ သွားရင်း မြင်လိုက်ရသည့် သူငယ်ချင်းတချို့ သတင်း ပေးသည့်အခါ
“ Ferry ပေါ်က fresher လေးနဲ့ လည်း အီစီကလီ ဇာတ်လမ်းလေးတွေ ရှိတယ်နော်။ နင် စုံစမ်းကြည့်အုံး ”
မဟုတ်လောက်ပါဘူးလို့ ဇွတ်ယုံကြည်ထားသည့်တိုင် အမှန်တရားမို့ ပတ်ဝန်းကျင်က အသံကို မျက်ကွယ်ပြု မထား နိုင်ကိုဇေနှင့်တေ့တေ့ဆိုင်ဆိုင် မျက်နှာချင်းဆိုင်ရှင်းသည့်   အခါ လောက၏ ပြောင်းလဲခြင်းနိယာမ ဘာသာကို မကျေခဲ့သူ သူမက ကိုဇေ၏ “ ရိုးသွား လို့ ” ဟူသော အကြောင်းပြချက်ကို အံ့သြမဆုံးနိုင်။
" ဒီထက်ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး ကြားချင်ပါသေးတယ် ကိုဇေ။ "
ချိုလဲ့က ခပ်ရွဲ့ ရွဲ့ မေးတော့
“ မင်းကိုမှရင်မခုန်တော့တာ ဒါဟာပြစ်မှုမဟုတ်ဘူးလေကွာ ”။
ကိုဇေက စိတ်ရှုပ်သလို ခေါင်းခါရင်း ဖြေသည်။
ပြစ်မှုမဟုတ်သော်လည်း မိန်းခလေးတစ်ယောက်အချစ်ကို လှည့်စားပြီး သူမနှလုံးသားကို နာကျင်စေခဲ့သည်လေ။
" မထားခဲ့ပါ နဲ့ ၊ ခံနိုင်ရည်မရှိုလို့ ပါ  " ဆိုပြီး
မျက်ရည်ခံထိုးရမလား။ သေချာသည်က ချိုလဲ့မာနက ထိုသို့ လုပ်ရန် ခွင့်မပြုခဲ့ချေ။ ရင်ကွဲ ပက်လက် နှလုံးသွေးရပ် တန့်  သွားပါစေ။ ပြုံးပြုံးလေးနှင့် မျက်နှာတစ်ချက် ပျက်မှာမဟုတ်ချေ။
အပြုံးမပျက်သော်လည်း ရင်ထဲမှာငိုကြွေးနေမှန်း ကိုယ်တိုင်သာသိသည်။
Ferry ကျောင်းကားလေးသည် ဆင်ဝင်အောက်သို့ရောက်လေပြီ။ ချိုလဲ့သည် ကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းသည်။ နေရာအနှံ့ဝေ့၀ဲကြည့်သည်။ ငါးနှစ်တာ ရင်းနှီးကျွမ်းဝင်ခဲ့ သောနေရာ။ လွန်ခဲ့သည့်သုံးလ ဘွဲ့ နှင်းသဘင်အပြီး ရွေးချယ်ခဲ့သောနေရာ။ ယခုရွေးချယ် မှုထက်ပိုသာသော တခြားရွေးချယ်စရာများ ရှိသော်ငြား ချိုလဲ့စိတ်မပြတ်နိုင် လွန်းသည် ထင်သည်။ အချစ်ကိုလှည့်ဖျားခံရပြီး ဆယ်ကျော်သက်အရွယ် ဒဏ်ရာများကို ဘ၀ထဲမှလည်း ဖဲ့မထုတ် ရက်သေးဘဲ။
သို့ သော်….
ချိုလဲ့ ခိုင်ကျည်စွာ ဆုံးဖြတ်လိုက်သည်။
ဒဏ်ရာများကို ရင်ထဲသိုဝှက်ထားဆဲဖြစ်သော်လည်း နာကျင်မှု မုန်းတီးအလိုမကျမှုများနှင့် မဟုတ်ဘဲ ဖူးပွင့်စ မျိုးဆက်သစ် ညီငယ်ညီမငယ်များကို သိသမျှ မျှဝေမည့် ဆရာမလေး အဖြစ် ဘ၀နေ့ရက်များကိုဆေးခြယ်ရန် ရွေးချယ်ခဲ့သည်။ လူ့ ဘ၀၏ ရေပွက်ပမာ ခဏတာ ကာလလေးမှာ မိမိဝန်းကျင်အတွက် တတ်နိုင်သမျှ အကျိုးပြုနိုင်မှသာလျှင် လူပီသ လိမ့်မည်ဟုလည်း ချိုလဲ့တွေးသည်။ ချိုလဲ့၏ အနာဟောင်းကို အမာရွတ်ပင်မကျန် ပျောက်ကင်းစေမည့် နည်းကောင်း တစ်ခုဟုလည်း ယူဆမိသည်။
ချိုလဲ့ ပြုံးပါသည်။ ရင်ထဲမှာရော မျက်နှာမှာပါ ထပ်တူညီစွာ ပြုံးခြင်းဖြစ်သည်။
17.4.2013
10:26 pm
ရင်ငြိမ်းသူ(မော်လမြိုင်)
Nov 2013, Women's World Journal